ကွယ်လွန်သူ သရုပ်ဆောင် မင်းသွေး၏ဆန္ဒအတိုင်း ‘သတ်ကွင်း’ ရုပ်ရှင်၏ သတင်းစာ ရှင်းလင်းပွဲပြုလုပ်

ကွယ်လွန်သူ သရုပ်ဆောင် မင်းသွေး၏ဆန္ဒအတိုင်း ‘သတ်ကွင်း’ ရုပ်ရှင်၏ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
Published 5 December 2018
လင်းလင်းခိုင်

ကွယ်လွန်သူ သရုပ်ဆောင် မင်းသွေး၏ မကွယ်လွန်မီ ကတည်းကပင်ရှိခဲ့သည့် ဆန္ဒအတိုင်း ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ အစီအစဉ်အား မင်းသွေး ကွယ်လွန်သည့် နှစ်လပြည့်နေ့ရက် ဒီဇင်ဘာ ၃ ရက်တွင် အကယ်ဒမီနေတိုး၏ Story Book Entertainment ၌ပြုလုပ်ခဲ့သည်။ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ် ကားမှာ ကွယ်လွန်သူ သရုပ်ဆောင် မင်းသွေး ပထမဆုံး ခေါင်းဆောင်မင်းသား အဖြစ်ပါဝင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဇာတ်ကားအစအဆုံး ဖန်တီးမှုများအား မင်းသွေး ကိုယ်တိုင်အားထုတ် ကြိုးစားခဲ့သည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားအား ဒီဇင်ဘာ ၁၄ ရက်တွင် ရုံတင်ပြသနိုင်တော့မည် ဖြစ်သဖြင့် မင်းသွေး၏ ဆန္ဒအတိုင်း ဘောလုံးပွဲစဉ်များတွင် မီဒီယာများ နှင့် တွေ့ဆုံသည့်ဟန်ပန်ဖြင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီဇာတ်ကားမှာတော့ ကိုမင်းသွေးနဲ့ ပတ်သက်လို့က အမှတ်တရ တွေအများကြီးပါ။ သူအရမ်းကြိုးစားခဲ့သလို သူ့မှာရှိသမျှ အစွမ်းကုန် အားထုတ်ကြိုးစားခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ပြီးတော့ အရမ်းလည်း ပင်ပန်းခံခဲ့တယ်။ သူကဒီဇာတ်ကားမှာ မျှော်လင့်ထားတာတွေလည်း အများကြီးပဲ။ သူအကောင်းဆုံး ကြိုးစားခဲ့တဲ့အရာ တစ်ခု ပရိသတ်တွေ ရှေ့ရောက်လာတော့မယ့်အချိန်မှာ ပရိသတ်တွေရဲ့ တုံ့ပြန်မှု အားပေးမှုတွေ သိခွင့်မြင်ခွင့် မရသွားတာကိုတော့ တကယ်ဝမ်းနည်းမိပါတယ်”ဟု ဒါရိုက်တာ သားညီက ဆိုသည်။

သရုပ်ဆောင် အကယ်ဒမီ နေတိုးကလည်း “သတ်ကွင်းဇာတ်ကားက ညီလေးငယ်(မင်းသွေး)အတွက် အရမ်းကိုကြိုးစား အားထုတ်ခဲ့သလို သူ့အတွက်တကယ့်ကို စိတ်ဆန္ဒ ပြင်းပြစွာနဲ့ အားထုတ်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မရိုက်ခင်မှာလည်း အပင်ပန်းခံပြီး များစွာပြင်ဆင်ခဲ့တယ်။ ရိုက်ပြီးတဲ့ အချိန်မှာလည်း သူ့ရဲ့အချိန်တွေ အားလုံးပေးပြီးတော့ ဒီဇာတ်ကားအတွက် စိတ်ရောလူပါနှစ်ပြီး ကြိုးစားခဲ့တယ်။ ဒီဇာတ်ကားကို သူတကယ့် ကိုအနုပညာပိုင်းအရ အရမ်းအားထုတ်ခဲ့တယ်။ ကျွန်တော်တို့ အနုပညာသမားတွေဆိုတာက ပရိသတ်တွေဆီကရတဲ့ ပီတိ၊ အားပေးမှု တွေကိုလိုချင်တယ်၊ မက်မောကြတယ်ဆိုတော့ အခု တကယ်တမ်း သူအားထုတ်ခဲ့တဲ့ အသီးအပွင့်ကိုတော့ ပြန်ရခွင့်မရှိတော့ဘူး ပေါ့လေ။ ဒါပေမဲ့ သူဖြစ်စေချင်ခဲ့တဲ့၊ သူမြင်ချင်ခဲ့တဲ့ အရာတွေကို သူမလုပ်နိုင်တော့တဲ့ အချိန်မှာ ဆက်ပြီး အကောင်အထည် ဖော်ပေးတဲ့သဘောပါ။ ဒီဇာတ်ကားမှာ သူထားတဲ့ စေတနာကိုလည်း မြင်တွေ့နိုင်မှာပါ။ ဒါကြောင့် ဒီဇာတ်ကား ရုံတင်တဲ့အခါလည်း သူ့ပရိသတ်တွေအနေနဲ့ ဝန်းရံပေးစေချင်ပါတယ်”ဟု ဆိုသည်။

‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာသားညီ ရိုက်ကူးကာ သရုပ်ဆောင် မင်းသွေး၊ စည်ဖြိုး၊ နေရဲ၊ ထူးခြားနှင့် သရုပ်ဆောင်များစွာ ပါဝင်ကာ ဧည့်သည်သရုပ်ဆောင်များအဖြစ် နေတိုး၊ သက်မွန်မြင့်၊ ပိုင်ဖြိုးသု၊ ဇင်ဝိုင်းတို့လည်း ပါဝင်ထားသည်။                                               

 

Most Read

Most Recent