■ ဝက်ဖို့ဒ် ၁-၂ မန်စီးတီး
ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)ရဲ့ အင်္ဂါညနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်ဖို့ဒ်နဲ့ မန်စီးတီးပွဲမှာတော့ အဝေးကွင်းမှာ လာကစားတဲ့ မန်စီးတီးအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဝက်ဖို့ဒ်ဟာ ဒီနေ့ပွဲမှာ ဒီးနီကို အထောင်ထားကာ (၄-၅-၁)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး မန်စီးတီးကတော့ (၄-၃-၃)ပုံစံနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှာ အဂွဲရိုးပါဝင်လာခြင်းမရှိဘဲ ဂျေးဆူကို ဆာနေး၊ မာရက်ဇ်တို့ တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ဖာနန်ဒင်ဟို၊ ဘာနာဒိုဆေးလ်ဗား၊ ဒေးဗစ်ဆေးလ်ဗားတို့ ကစားခဲ့ကြတာပါ။
မန်စီးတီးအသင်းအထိုင်မကျခင်မှာ ဝက်ဖို့ဒ်တို့ ဂိုးရဖို့ ဖိကစားခဲ့ပြီး ပွဲချိန် (၉)မိနစ်မှာပဲ ပယ်ရေရာ အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းက ပွဲကို ဖိကစားသွားခဲ့ပြီး ဆာနေး၊ ဘာနာဒိုဆေးလ်ဗားတို့ ဂိုးသွင်းခွင့်တွေရခဲ့ပါတယ်။
ဒါပေမဲ့ မန်စီးတီးအသင်း ဂိုးရဖို့ ခက်နေခဲ့သလို ဝက်ဖို့ဒ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကိုလည်း ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ ပွဲချိန် (၃၁)မိနစ်မှာ ဒီးနီ အနီးကပ်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် အီဒါဆန် လက်စွမ်းပြနိုင်ခဲ့လို့ မန်စီးတီးတို့ သက်သာခဲ့ရတာပါ။
ဂိုးရဖို့တောက်လျှောက်နီးပါး ဖိကစားနေတဲ့ မန်စီးတီးဟာ ပွဲချိန်မိနစ် (၄၀)မှာတော့ ဂိုးရခဲ့ပါတယ်။ မာရက်ဇ်တင်ပေးတာကို ဆာနေးက ပြေးဝင်ပြီး ဗိုက်နဲ့တိုက်ကာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းပြန်စချိန်မှာတော့ မန်စီးတီးအသင်းဟာ ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၅၁)မိနစ်မှာ ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဆာနေး၊ ဒေးဗစ်ဆေးလ်ဗား၊ ဂျေးဆူတို့ရဲ့ တွဲလုံးကနေ ဂျေးဆူချပေးတာကို မာရက်ဇ်က သွင်းယူခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ဖိကစားခဲ့ပေမယ့် ဝက်ဖို့ဒ်တန်ပြန်တိုက်စစ်တွေက မန်စီးတီးနောက်တန်းနဲ့ ဂိုးသမား အီဒါဆန်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ပွဲချိန် (၈၅)မိနစ်မှာ ဝက်ဖို့ဒ်အသင်း ချေပဂိုးရခဲ့ပါတယ်။ တောင်ပံကနေ ချပေးတဲ့ဘောလုံးကို ဒီးနီပိတ်သွင်းရာမှ ပြန်ကျွံထွက်လာတာကို အသင့်ရှိနေတဲ့ ဒူကူဟေက မန်စီးတီးနောက်ခံလူတွေ တားဆီးနေတဲ့ကြားက သွင်းယူခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာတော့ ဝက်ဖို့ဒ်တို့ သရေတစ်မှတ်ရဖို့ ကြိုးစားခဲ့ပေမယ့် မန်စီးတီးအသင်းက ထိန်းကစားပြီး အနိုင်(၃)မှတ် ရယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်မှာ (၇)ပွဲဆက်နိုင်ပွဲဖြစ်ပြီး ဒုတိယနေရာကို လီဗာပူးလ်အသင်းကို အင်္ဂါညပွဲစဉ်တွေအပြီးမှာ (၅)မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
■ ယနေ့ကစားသည့်ပွဲစဉ် ရလဒ်များ
ပရီးမီးယားလိဂ်
ဘုန်းမောက် ၂-၁ ဟတ်ဒါဖီးလ်
ဘရိုက်တန် ၃-၁ ခရစ္စတယ်ပဲလေ့စ်
ဝက်စ်ဟမ်း ၃-၁ ကာဒစ်ဖ်
ဝက်ဖို့ဒ် ၁-၂ မန်စီးတီး
စပိန်ဘုရင့်ဖလား (၃၂ သင်းအဆင့်၊ ဒု-ကျော့)
ဗလင်စီယာ ၁-၀ အယ်ဘရို
(နှစ်ကျော့ပေါင်း ၃-၁ ဂိုးဖြင့် ဗလင်စီယာနိုင်)
ဂီတာဖေး ၅-၁ ကော်ဒိုဘာ
(နှစ်ကျော့ပေါင်း ၇-၂ ဂိုးဖြင့် ဂီတာဖေးနိုင်)
ဗယ်လက်ကာနို ၀-၁ လီဟာနက်စ်
(နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် လီဟာနက်စ်နိုင်)
လီဂူး
အာမီယန်စ် ၀-၂ မိုနာကို
နိုက်စ် ၀-၀ အန်ဂါစ်
မောင့်ပယ်လီယာ ၀-၁ လိုင်လီ
ကိုပါအီတာလီယာဖလား (စတုတ္ထအဆင့်)
ဘင်နီဗန်တို ၁-၀ စစ်တာဒယ်လာ
ဘိုလော့ဂ်နာ ၃-၀ ခရိုတိုနီ
ဆမ်ဒိုးရီးယား ၂-၁ SPAL