ဘုန်းမောက် နှင့် ဟတ်ဒါဖီးလ် ( ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ )
ဘုန်းမောက်ရဲ့ ကစားပုံက မဆိုးပါဘူး။ ဒါပေမဲ့ ရလဒ်တွေ ဆက်တိုက်ကျဆင်းနေပြီး နောက်ဆုံး (၄)ပွဲဆက် ရှုံးခဲ့တယ်။ ဒီ (၄)ပွဲမှာ ရုပ်ပျက်ဆင်းပျက်၊ ပုံပျက်ပန်းပျက်မဖြစ်ခဲ့တာတွေ့ရပြီး မန်ယူ၊ အာဆင်နယ်၊ မန်စီးတီးတို့လို အသင်းတွေနဲ့ ဆက်တိုက်တွေ့နေတာကြောင့်လည်းပါတယ်။ ဟတ်ဒါဖီးလ်က လက်ရှိရလဒ်ပိုင်း ပိုကောင်းနေပေမယ့် စိတ်မချရတဲ့အသင်းမျိုးပါ။ ဒီလိုအသင်းမျိုးကို ဘုန်းမောက်အိမ်ကွင်းမှာ သေချာပေါက်အနိုင်ယူပါလိမ့်မယ်။ (၂-၀၊ ၃-၀)လောက်အထိဖြစ်နိုင်တယ်။
ဘရိုက်တန် နှင့် ပဲလေ့စ် ( ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ )
စပါး၊ မန်ယူ၊ ဘန်လေ (၃)ပွဲဆက်တိုက် ပဲလေ့စ် ခြေစွမ်းပြနိုင်ခဲ့တာတွေ့ရတယ်။ အထူးသဖြင့် ဘန်လေအသင်းနဲ့ ပွဲမှာ ပဲလေ့စ်ရဲ့ကစားပုံက အသင်းကြီးတစ်သင်းလို အနေအထား ဖြစ်နေပြီး ခံစစ်၊ တိုက်စစ် ဟန်ချက်ညီသလို၊ ဖန်တီးမှုပို်င်းမှာလည်း တော်တော်လေးအားကောင်းတာတွေ့ရတယ်။ ဘရိုက်တန်ကလည်း နောက်ဆုံးပွဲနိုင်ခဲ့သလို၊ အိမ်ကွင်းလည်း အားကောင်းတဲ့အသင်းပါ။ သရေကျနိုင်တယ်။
ဝက်စ်ဟမ်း နှင့် ကာဒစ်ဖ် ( ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ )
ဝက်စ်ဟမ်းက နယူးကာဆယ်နဲ့ ပွဲမှာ မထင်မှတ်ဘဲ အဝေးကွင်းနိုင်ပွဲရခဲ့တာ တွေ့ရတယ်။ ကစားသမားကောင်းတွေရှိပေမယ့် ဝက်စ်ဟမ်းအားနည်းနေတာက စိတ်ဓာတ်ပိုင်းဖြစ်ပြီး ခြေစွမ်းမတည်ငြိမ်ဘူး။ စိတ်မချရဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာ ဒီအားနည်းချက်ကို ဖုံးထားနိုင်တာတွေ့ရပြီး ကာဒစ်ဖ်လိုအသင်းမျိုးလည်းဖြစ်နေတဲ့အတွက် နိုင်ပွဲဆက်ဖို့ အခွင့်အရေးများပါတယ်။ ဝက်စ်ဟမ်းကို ကြိုက်တယ်။
ဝက်ဖို့ဒ် နှင့် မန်စီးတီး ( ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ )
ဝက်ဖို့ဒ်က နည်းပြ ဂါစီယာကို သက်တမ်းတိုးလိုက်ပြီး ပထမဆုံးပွဲမှာ လက်စတာကို ရှုံးပွဲတွေ့ခဲ့တယ်။ အဲ့ဒီပွဲမတိုင်ခင်မှာလည်း လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့ပြီး လက်ရှိအချိန်မှာ နိုင်ပွဲပျောက်နေတာ တော်တော်ကြာနေပြီ။ မန်စီးတီးက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံကို ပြသနေတဲ့အသင်းဖြစ်ပြီး နိုင်ပွဲတွေ၊ သွင်းဂိုးတွေဆိုတာ သူတို့အတွက် မခက်ခဲတဲ့ပုံစံမျိုးဖြစ်နေ တယ်။ ဒါ့အပြင် ကွင်းမရွေးဘဲ ခြေစွမ်းပြနေပြီး စိတ်ချရတဲ့အသင်းတစ်သင်းအဖြစ် ရပ်တည်နေတာလည်း တွေ့ရတယ်။ စပါးအသင်းကို အနိုင်ရခဲ့ပြီး ဆက်ကစားခဲ့တဲ့ ပွဲစဉ် (၄)ပွဲမှာ (၁၆)ဂိုးအထိ သွင်းနိုင်ခဲ့ပြီး တစ်ပွဲပျမ်းမျှ (၄)ဂိုးလောက်သွင်းနေတာ တွေ့ရတယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ ဂိုးသွင်းအားနည်းနည်း လျော့ပါတယ်။ ဝက်ဖို့ဒ်က ပုံမှန်ခြေစွမ်း၊ ပင်ကိုကစားဟန်တွေ ရှိတဲ့အသင်းဖြစ်ပြီး အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ လီဗာပူးလ်နဲ့ ပွဲတုန်းက တစ်ဦးချင်း ထိုးဖောက်မှုတွေကို ဝက်ဖို့ဒ် ခံစစ်က မထိန်းချုပ်နိုင်ခဲ့ဘဲ ပြိုလဲခဲ့တာတွေ့ရတယ်။ မန်စီးတီးတိုက်စစ်ကိုလည်း ထိန်းနို်င်ဖို့မရှိဘူး။ လက်ရှိတိုက်စစ်ပိုင်းက အားနည်းသလို၊ ခံစစ်ကလည်း မလုံဘူး။ မန်စီးတီး (၀-၂)လောက်နဲ့ နိုင်မယ်။