ချန်ပီယံကာကွယ်ပွဲတွင် ပြိုင်ဘက် တိုင်ဆန်ဖူရီကို အလဲထိုးအနိုင်ယူမည်ဟု WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဒီယွန်တေးဝိုင်လ်ဒါ ကြုံးဝါး

ချန်ပီယံကာကွယ်ပွဲတွင် ပြိုင်ဘက် တိုင်ဆန်ဖူရီကို အလဲထိုးအနိုင်ယူမည်ဟု WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဒီယွန်တေးဝိုင်လ်ဒါ ကြုံးဝါး
Photo: AFP
Photo: AFP
Published 2 December 2018

 

WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝိုင်လ်ဒါက မြန်မာစံတော်ချိန် ဒီဇင်ဘာ (၂)ရက် (နံနက် ၁ဝး၃၀နာရီနောက်ပိုင်း) ထိုးသတ်မည့်ချန်ပီယံကာကွယ်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ဗြိတိန်နာမည်ကြီးလက်ဝှေ့သမား တိုင်ဆန်ဖူရီကို အလဲထိုးအနိုင်ယူမည်ဟု ကြုံးဝါးခဲ့သည်။ 

ယင်းပွဲကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ ပရိသတ် (၂၁,ဝဝဝ) ဦးဆံ့ Staples Center ၌ ထိုးသတ်ရန်စီစဉ်ထားခြင်း ဖြစ်သည်။

"စကားတွေဟာ ပေါလွန်းပါတယ်။ မနက်ဖြန်ဆိုတာ စကားလုံးတွေထက် လက်တွေ့ကျတဲ့အဖြေက ပိုမိုကျယ်လောင်စွာထွက်ပေါ်လာမယ့်အချိန်ပဲဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော့်ဘဝမှာ အရေးအကြီးဆုံးပွဲဆိုတာ အသေအချာပါပဲ။ ဒါပေမဲ့ သိပ်တော့ မခက်ခဲလောက်ပါဘူး။ သူ့ထက် ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ကျွန်တော် ရင်ဆိုင်ထိုးသတ်ပြီးပါပြီ။ ကျွန်တော် သူ့ကို အလဲထိုးအနိုင်ယူသွားမယ်"ဟု ဝိုင်လ်ဒါက နိုဝင်ဘာ (၃၀)ရက်၌ ပြုလုပ်သော ကိုယ်အလေးချိန်သည့်အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

ယင်းကိုယ်အလေးချိန်မှုတွင် ဝိုင်လ်ဒါက (၂၁၂.၅) ပေါင်နှင့် တိုင်ဆန်ဖူရီက (၂၁၆.၅) ပေါင် ရှိခဲ့သည်။ 

ဝိုင်လ်ဒါ၏ ကိုယ်အလေးချိန်မှာ ၎င်းထိုးသတ်ခဲ့သည့် ပရိုလက်ဝှေ့ပွဲများတွင် အနည်းဆုံးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပြီး တိုင်ဆန်ဖူရီမှာ ပြီးခဲ့သည့်ဩဂုတ်က အီတ လီလက်ဝှေ့သမား ပီယန်နေတာနှင့် ထိုးသတ်ခဲ့သည့်ပွဲတွင်ရှိသည့် ကိုယ်အလေးချိန်ထက် တစ်ပေါင်ခွဲ လျော့ကျခဲ့သည်။ 

၂၀၁၅ ခုနှစ်တွင် ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာသည့် ဒီယွန်တေးဝိုင်လ်ဒါအနေဖြင့် ယခုပွဲမှာ (၈)ပွဲမြောက် ချန်ပီယံကာကွယ်ပွဲဖြစ်ပြီး တိုင်ဆန်ဖူရီမှာမူ အမေရိကန်မြေတွင် ဒုတိယမြောက် ထိုးသတ်မည့်ပွဲလည်းဖြစ်သည်။ 

(၃၃)နှစ်အရွယ်ရှိ ဝိုင်လ်ဒါမှာ ထိုးသတ်ခဲ့သည့် ပရိုလက်ဝှေ့ပွဲ (၄၀) စလုံးအနိုင်ယူထားကာ (၃၉) ပွဲ အလဲထိုးခဲ့ပြီး တိုင်ဆန်ဖူရီမှာလည်း (၂၇) ပွဲထိုးသတ်ရာတွင် ပွဲတိုင်းအနိုင်ရထားသော်လည်း အလဲထိုးနိုင်ပွဲမှာ (၁၉) ပွဲသာရှိခဲ့သည်။ 

ယင်းပွဲအတွက် ရေပန်းစားမှုများတွင် ဝိုင်လ်ဒါ အနိုင်ရမည့်ဘက်မှ အနည်းငယ်အလေးသာနေကာ William Hill ၏ ထုတ်ပြန်မှု၌ ဝိုင်လ်ဒါက (၈း၁၁) လေး၊ တိုင်ဆန်ဖူရီက (၆း၅) လေးရှိနေပြီး ဂန္ထဝင်နှင့် လက်ရှိနာမည်ကျော်လက်ဝှေ့အများစုကလည်း ဝိုင်လ်ဒါ အနိုင်ရမည်ဟု ခန့်မှန်းထားကြသည်။

Most Read

Most Recent