၂၀၁၈ ခုနှစ် မတ်လကုန်အထိ ဝန်ကြီးဌာနများ၏ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ရှိနေ

၂၀၁၈ ခုနှစ် မတ်လကုန်အထိ ဝန်ကြီးဌာနများ၏ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ရှိနေ
Published 30 November 2018
စိုးမင်းထိုက်၊ စည်သူ

၂၀၁၈ ခုနှစ် မတ် ၃၁ ရက်ရှိ ဝန်ကြီးဌာနများ၏ ပြည်ပကြွေးမြီ လက်ကျန်သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၂၀၀ ဒသမ ၁၇၀ (ဒေါ်လာ ၁၀ ဘီလျံကျော်) ရှိကြောင်း  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

အဆိုပါ  ပြည်ပကြွေးမြီ ဒေါ်လာ ၁၀ ဘီလျံကျော်သည် ၁၉၈၈ ခုနှစ် မတိုင်မီ ကာလမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ  ပေးဆပ်ရန် ကျန်ငွေများဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် ပြည်ပချေးငွေ ထုတ်ယူသုံးစွဲမှုမှာ ဒေါ်လာ ၉၁ သန်းကျော်သာ ရှိသေးကြောင်း အစီရင်ခံစာအရ သိရသည်။

နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့ထားသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းစဉ် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ကြွေးမြီယူစဉ် ကာလတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေ လဲလှယ်နှုန်းနှင့် ယခု မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသေ  ကြွေးမြီကွာဟချက်များအား တစ်ပါတည်း ဖော်ပြသင့်ကြောင်း၊ ထို့အတူ မြန်မာကျပ်ငွေ ကျဆင်းမှုကြောင့်  ကြွေးမြီ ဝန်ထုပ်ဝန်ပိုး ကြီးမားလာမှုအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်မည်၊  ကြွေးမြီ ပြန်လည်ပေးဆပ်ရေး မူဝါဒ ခိုင်ခိုင်မာမာ ရေးဆွဲထားရန် လိုအပ်ကြောင်း၊ ချေးငွေ ထုတ်ယူထားပြီး သုံးစွဲနိုင်ခြင်း မရှိပါက အတိုးစရိတ်များ ကျခံရမည် ဖြစ်သဖြင့် ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် မလိုအပ်ဘဲ ချေးငွေများ ကြိုတင် ထုတ်ယူထားခြင်း မပြုရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုထားသည်။

ပြည်ပကြွေးမြီ ပြန်ဆပ်ရေးနှင့် ပတ်သက်ပြီး ဦးဆောင်ဝန်ကြီးဌာန အနေဖြင့် မူဝါဒရေးရာ အကြံပြုချက်များ ထည့်သွင်းတင်ပြရန် အထူးလိုအပ်ကြောင်း၊ ဖြေရှင်းရန် နည်းလမ်းများ၊ ဝန်ကြီးဌာနများ အနေဖြင့် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်မည် ဆိုသည့် နည်းဗျူဟာ၊ မဟာဗျူဟာများအား ဖော်ပြသင့်ကြောင်း၊ မိမိနိုင်ငံ၏ ထုတ်ကုန်များနှင့် ပတ်သက်ပြီး အားသာချက်များဖြင့် ကုန်သွယ်မှု အခွင့်အလမ်းများအပေါ် အခြေပြုပြီး ကြွေးမြီရှင်နိုင်ငံများနှင့် ဆွေးနွေးခြင်း၊ သဘောတူညီချက် ရယူခြင်းဖြင့်  ကြွေးမြီပြန်ဆပ်မည့် နည်းလမ်းများအား အဖြေရှာသင့်ကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ထို့ပြင် အတိုးနှုန်း သက်သာပြီး ပေးဆပ်ရမည့် ကာလရှည်သည့် သက်သာသော ချေးငွေများဖြစ်စေကာမူ ဆုံးရှုံးနိုင်ခြေ အနည်းနှင့်အများ ရှိနိုင်သကဲ့သို့ အားသာချက်၊ အားနည်းချက်များလည်း ရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပြည်ပချေးငွေများနှင့် ပတ်သက်ပြီး အဆိုပါ ဆုံးရှုံးနိုင်ခြေများကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စေရေးအတွက် ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ အပါအဝင် ဖွံ့ဖြိုးရေးစီမံကိန်းများကို မူလလျာထား သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း ပြီးစီးအောင် အကောင်အထည်ဖော်နိုင်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်း၊ စီမံကိန်း ရည်မှန်းချက်ပါအတိုင်း အပြည့်အဝ အောင်မြင်နိုင်စေရေး၊ အကျိုးအမြတ် ရရှိနိုင်စေရေး ကြပ်မတ် ဆောင်ရွက်ခြင်း၊ ရေးဆွဲ ချမှတ်ထားသည့် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်ဟု ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုခဲ့သည်။

ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုစနစ်ကို ပြည့်စုံကောင်းမွန်သော နိုင်ငံတကာ အဆင့်မီစနစ် ဖြစ်လာစေရန်အတွက် နှစ်စဉ် ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်နေသော်လည်း ကြွေးမြီဝန်ထုပ်ဝန်ပိုး ကြီးမားမှု မဖြစ်စေရန် ဘတ်ဂျက်လိုငွေအား ဂျီဒီပီ၏ ငါးရာခိုင်နှုန်းအထက် မကျော်လွန်စေရန် ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူရရှိမှုကို လျှော့ချနိုင်စေရန် အစိုးရငွေချေး သက်သေခံ လက်မှတ်များ စျေးပြိုင်ရောင်းချခြင်းကို လျာထားချက်အတိုင်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခြင်း၊ ပြည်တွင်းကြွေးမြီများသည် အဓိကအားဖြင့် ဘတ်ဂျက်လိုငွေကို အခြေခံ၍ ယူရခြင်းဖြစ်ရာ ရငွေများ လျာထားချက်အတိုင်း ပြည့်ပြည့်ဝ၀ ရရှိရေးနှင့် သုံးငွေများကို အလေအလွင့် မရှိအောင် သုံးစွဲရေးကို အလေးထား ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် သဘောထားမှတ်ချက် ပြုကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

 

Most Read

Most Recent