လူမှုမီဒီယာနှင့် ပင်မရေစီးမီဒီယာ

လူမှုမီဒီယာနှင့် ပင်မရေစီးမီဒီယာ
Published 27 November 2018

လူမှုမီဒီယာများသည် သတင်းများနှင့် အချက်အလက်များကို ပို၍လွယ်ကူစွာပျံ့နှံ့စေသည်ဟု ဆိုနိုင်သည်။ သတင်းဌာနအားလုံးသည် ၎င်းတို့၏ သတင်းများကို ဖြန့်ဝေရန် သာမက အခြားမည်သည့်အရာများ ဖြစ်ပျက်နေသနည်းဟူသည်ကို လေ့လာသိရှိနိုင်ရန် အတွက်ပင် လူမှုမီဒီယာများကို အသုံးပြုကြသည်။ လူမှုမီဒီယာများသည် လူတို့၏သတင်းများနှင့် အချက်အလက်များ ရယူပုံနည်းလမ်းကို ပြောင်းလဲနေကြသည်။ သို့သော် လူမှုမီဒီယာပေါ်ရှိ သတင်းအကြောင်းအရာအများအပြားမှာ အစဉ်အလာအတိုင်းရှိသည့် သတင်းဌာနများမှ လာကြသည်။ အစဉ်အလာအတိုင်းရှိနေသည့် မီဒီယာကုမ္ပဏီများသည် ၎င်းတို့၏ ဖောက်သည်များနှင့် အွန်လိုင်း၌ မည်ကဲ့သို့ ဆက်ဆံနိုင်မည်နည်းဟူသည်ကို ရှာဖွေလာကြသည်။ ဤသို့ဖြင့် အစဉ်အလာအတိုင်းရှိခဲ့သည့် မီဒီယာများအနက် ဒီဂျစ်တယ်ပလက်ဖောင်းများမှနေ၍ အကျိုးအမြတ်ရယူသည့် မီဒီယာများ တိုးပွား၍လာနေသည်။ ဥပမာအားဖြင့် နယူးယောက်တိုင်းမ်သတင်းဌာနသည် ကြော်ငြာမှရရှိသည့် အကျိုးအမြတ် ၃၅ ရာခိုင်နှုန်းကို ဒီဂျစ်တယ်မှ ရရှိပြီး Forbes သည် ရာခိုင်နှုန်း ၇၀ အထိ ရှိသည်။

သာမန်ပြည်သူလူထုတို့ထံမှ ထုတ်လုပ်လိုက်သော သတင်းအကြောင်းအရာများသည်လည်း လူမှုမီဒီယာများ၌ ကြီးထွား၍လာသည်။ ထင်မြင်ချက်ဖော်ပြသည့် ဘလော့များနှင့် အွန်လိုင်းအကြောင်းအရာများသည် လူမှုမီဒီယာ Feeds တွင် တစ်ချိန်လုံး ပေါ်၍ပေါ်၍နေသည်။ ယင်းသတင်းအကြောင်းအရာများသည် ပြည်သူလူထုအတွက် ခိုင်မာသော သတင်းရင်းမြစ်တစ်ရပ်ကဲ့သို့ ဖြစ်၍နေသည်။ လူအများက ယင်းကဲ့သို့သော အွန်လိုင်းသတင်းများကို အယုံအကြည်မရှိကြသော်လည်း ယင်းသတင်းအကြောင်းအရာများကို  ဖြန့်ဝေသူများသာမက ဖတ်ရှုသူများပါ တိုးပွား၍လာနေသည်။ Pew Research ၏ စစ်တမ်းအရ အမေရိကန်နိုင်ငံသား ရာခိုင်နှုန်း ၄၀ နီးပါးက ၎င်းတို့သည် ဖတ်ရှုသည့် သတင်းများကို Facebook မှ ယူကြောင်း သိရသည်။ ၎င်းအပြင် လူမှုမီဒီယာအသုံးပြုကြသူများသည် အွန်လိုင်းပေါ်တွင် သတင်းများကို ဖြန့်ဝေရခြင်းနှင့် ၎င်းတို့ကိုယ်တိုင် သတင်းအကြောင်းအရာများ ရေးသားရခြင်းကို ပျော်ရွှင်၍နေကြသည်။ Columbia Journalism Review က ပြုလုပ်သော စာတမ်းတစ်စောင်က လူမှုမီဒီယာသည် ယခုအထိ ဂျာနယ်လစ်ဇင်ကို ၀ါးမျိုခြင်းမပြုသေးသော်လည်း အရာရာကို ၀ါးမျိုပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။ လူမှုမီဒီယာများသည် နိုင်ငံရေးမဲဆွယ်မှုများ၊ ဘဏ်စနစ်များ၊ ပုဂ္ဂိုလ်ရေးအကြောင်းအရာများ၊ ခရီးသွားလုပ်ငန်းများ၊ လက်လီရောင်းဝယ်မှုများအပြင် အစိုးရအဖွဲ့နှင့် လုံခြုံရေးကိုပါ  ၀ါးမျိုပစ်လိုက်ပြီဟု ဆိုသည်။ အိတ်ကပ်ထဲရှိ ဖုန်းသည် ကမ္ဘာကို ဆက်သွယ်သည့်ကိရိယာ ဖြစ်လာသည်။

သုံးစွဲသူများအနေဖြင့် မိမိတို့၏ လူမှုမီဒီယာ Feeds များကို တိုက်ရိုက်ထိန်းချုပ်နိုင်သောကြောင့် မိမိတို့ဘာသာ မသိလိုက်ဘဲ မိမိတို့မြင်တွေ့ရသည့် အချက်အလက်အမျိုးအစားများကို မိမိတို့ဘာသာ ကန့်သတ်ပြီး ဖြစ်၍နေသည်။ ယင်းသည် အစွန်းရောက်ခြင်းကို ဖြစ်စေနိုင်သကဲ့သို့ နိုင်ငံရေးနှင့် လူမှုရေးအရ အသိဉာဏ်မကြွယ်ဝသည့် တစ်ဖက်ပိတ်များ ဖြစ်သွားစေနိုင်သည်။ Columbia Journalism Review က “ယနေ့ခေတ် လူများသည် အတင်းအဖျင်းများ၊ ထင်မြင်ချက်များ၊ ပေါ်ပင်အကြောင်းအရာများနှင့် တံဆိပ်ကပ်ထားသည့် အကြောင်းအရာများဖြင့် ရောနှောထားသည့် သတင်းများကို ရင်းမြစ်မျိုးစုံမှနေ၍ ထိတွေ့ကြရသည်။ ယင်းတို့အား တစ်ခုတည်းသော ပလက်ဖောင်း (အဓိကအားဖြင့် လူမှုကွန်ရက်များ) မှတစ်ဆင့် ထိတွေ့ရသောကြောင့် စိတ်တူ၊ သဘောတူ တူရာအုပ်စုဖွဲ့မှုဆီသို့ ဦးတည်သွားစေသည်” ဟု ဆိုသည်။

လူမှုမီဒီယာပလက်ဖောင်းအချို့က ၎င်းတို့ကို အသုံးပြုသူများ၏ Feeds ထဲသို့ အမျိုးစုံအောင် ပေါင်းထည့်ပေးကာ ၎င်းတို့ Promote လုပ်ပေးသည့် သတင်းများ၌လည်း ဘက်မလိုက်ရန် ကြိုးစားလျက် အထူးတာဝန်တစ်ရပ်ကို ယူလာကြသည်။ ဥပမာအားဖြင့် Facebook က ၎င်းတို့အနေဖြင့် သတင်းတုများ ပျံ့နှံ့မှုကို လျှော့ချရန် Trending ကဏ္ဍအတွက် အယ်ဂိုရစ်သမ်ကို ပြောင်းလဲနေကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့သည် ပလက်ဖောင်းတစ်ခု သို့မဟုတ် ထုတ်ဝေသူတစ်မျိုးတည်းကသာ လွှမ်းမိုးထားသည့် သတင်းများအား ထုတ်နုတ်ခြင်းကို ရပ်ဆိုင်းရန်နှင့် အသုံးပြုသူ၏ ဦးစားပေးစာရင်းထဲသို့ သတင်းအကြောင်းအရာများ တွဲထည့်ပေးခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ယင်းကဲ့သို့ အားထုတ်မှုများက လူမှုမီဒီယာများ မြင့်တက်လာသော်လည်း ကျော်လွှားရမည့် အခက်အခဲများစွာရှိနေဆဲဖြစ်ကြောင်း ပြသနေသည်။ လူမှုမီဒီယာများ၌ သတင်းဖော်ပြခြင်းသည် အလွန်ရေပန်းစားလာသော်လည်း ယင်းသတင်းများက အကြီးအကျယ် မယုံကြည်ရသော သတင်းများဖြစ်ကြသည်။ အစဉ်အလာအတိုင်းရှိသည့် မီဒီယာများ (ပင်မရေစီး မီဒီယာများ) ကသာ အယုံကြည်ရဆုံး သတင်းရင်းမြစ်များ ဖြစ်နေဆဲဖြစ်ကြောင်း သုတေသနများစွာတို့က သက်သေပြခဲ့ကြသည်။ ထို့ကြောင့် လူမှုမီဒီယာများသည်လည်းကောင်း၊ ပင်မရေစီးမီီဒီယာများသည်လည်းကောင်း မတူညီသော ကဏ္ဍကိုယ်စီဖြင့် အရေးပါနေကြဦး မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent