Folayang အတွက် မနီလာတွင် လိုက်ဝိတ်ချန်ပီယံခါးပတ်ကို ထပ်မံစိန်ခေါ်ရန် ရှုံးနိမ့်မှုက တွန်းအားတစ်ခုဖြစ်စေခဲ့

Folayang အတွက် မနီလာတွင် လိုက်ဝိတ်ချန်ပီယံခါးပတ်ကို ထပ်မံစိန်ခေါ်ရန် ရှုံးနိမ့်မှုက တွန်းအားတစ်ခုဖြစ်စေခဲ့
Photo: ONE Championship
Photo: ONE Championship
Published 23 November 2018

 

Eduard Folayang သည် ၎င်း၏အရည်အချင်းကို အကောင်းဆုံးသက်သေပြလိုလျက်ရှိသည်။

Folayang သည် ယခင်တစ်ကြိမ်ပြိုင်ပွဲရှုံးနိမ့်ထားခဲ့သော မနီလာမြို့ရှိ Mall of Asia Arena တွင် တဖန်ပြန်လည်၍ ယှဉ်ပြိုင်သွားရမည်ဖြစ်သဖြင့် ထိုရှုံးကြွေးကို ဆပ်နိုင်ရန် ဆန္ဒရှိနေသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလက Folayang သည် ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို သြစတေးလျနိုင်ငံသား Martin Nguyen ထံတွင် ရှုံးနိမ့်ခဲ့ရသောကြောင့် ၎င်း၏ ပရိတ်သတ်များကို အံ့အားသင့်စေခဲ့ရကာ၊ ၎င်းအနေဖြင့် ယခုယှဉ်ပြိုင်မည့်ပွဲကြီးတွင် ထိုခါးသီးသော အတိတ်ပုံရိပ်ကို ပယ်ဖျက်လိုခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနီလာမြို့၌ ကျင်းပမည့် ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီးတွင် လစ်လပ်နေသော ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံနေရာအတွက် စင်္ကာပူနိုင်ငံသား Amir Khan ကို စိန်ခေါ်သူ အသက် ၃၄ နှစ်အရွယ် Folayang က “ကျွန်တော့်ရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေက ရပ်တန့်မသွားသေးပါဘူးဆိုတာ ကမ္ဘာကို သက်သေပြချင်တယ်။ ကျွန်တော် ကမ္ဘာ့ချန်ပီယံ ဖြစ်နိုင်ပါသေးတယ်”ဟု ဆိုသည်။

“အခုလာမယ့််ပြိုင်ပွဲဟာ မနီလာမှာဆိုတော့ လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော့် ခါးပတ်ကိုဆုံးရှုံးခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ရှုံးကြွေးပြန်ဆပ်နိုင်မယ့် အခွင့်အရေးပါပဲ” ဟု Folayang က ဆိုသည်။

Lakay အသင်းနည်းပြ Mark Sangiao ၏ အဆိုအရ Folayang သည် Nguyen ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့့်ခဲ့သည့်အတွက် ၎င်းသည် လပေါင်းများစွာကြာသည်အထိ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားနေခဲ့ရသည်။ သို့သော် ထိုအချိန်မှစ၍ Folayang သည် မှတ်တမ်းကောင်းများ ထပ်မံရယူရန် ဆုံးဖြတ်ချက်ချခဲ့သည်။

Folayang သည် ဇူလိုင်လက မနီလာမြို့၌ ကျင်းပပြုလုပ်ခဲ့သော ONE: REIGN OF KINGS ပြိုင်ပွဲကြီးတွင် ရုရှားလူမျိုး Aziz Pahrudinov ကိို သုံးချီယှဉ်ပြိုင်ကာ ရမှတ်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရယူခဲ့သည့် ပြိုင်ပွဲမတိုင်မီတွင် အခြားရုရှားလူမျိုးကစားသမား Kharun Atlangeriev ကို စင်္ကာပူနိုင်ငံတွင် မေလက ကျင်းပခဲ့သည့် ONE: UNSTOPPABLE DREAMS ပြိုင်ပွဲကြီးတွင် အနိုင်ရရှိထားသူဖြစ်သည်။

ယခုလာမည့်ပြိုင်ပွဲတွင် Folayang သည် အန္တရာယ်ကြီးမားသော Khan နှင့် ရင်ဆိုင်ရမည်ဖြစ်ကာ၊ Khan သည် ၎င်း၏ ပရော်ဖက်ရှင်နယ်ပွဲစဉ်တစ်လျှောက် ပြိုင်ပွဲ ၁၄ပွဲတွင် ၁ဝပွဲကို ချုပ်ကွက်၊ အလဲထိုးကွက်၊ ဒိုင်ပွဲရပ်ပုံစံများဖြင့် အနိုင်ရရှိထားသူဖြစ်သည်။

Folayang က “သူ့မှာ ခွန်အားရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူ့ကို လျှော့တွက်လို့မရဘူး” ဟု ဆိုသည်။

“သူ့လိုမျိုး ပြောစမှတ်ပြုလောက်တဲ့ ပွဲသိမ်းကွက်တွေအများကြီးနဲ့ ရလဒ်ကောင်းတွေမရှိပေမယ့် ကျွန်တော် သူနဲ့ ရင်ဆိိုင်ယှဉ်ပြိုင်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ ဒီပွဲက ကျွန်တော့် အရည်အချင်းကို စမ်းသပ်မယ့် ပြိုင်ပွဲကောင်းတစ်ပွဲ ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ပြိုင်ပွဲ ၂၆ ပွဲ ယှဉ်ပြိုင်ထားသောအတွေ့အကြုံရှိသည့် ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ Folayang သည် Khan ကို အသားစီးရနေသည်ဟု ယုံကြည်ထားသည်။

“ကျွန်တော့်ရဲ့ Khan ထက်သာတဲ့ အကောင်းဆုံးအချက်က အတွေ့အကြုံရှိတာပဲ။ ကျွန်တော်ပြိင်ပွဲတွေမှာ သိပ်ကောင်းတဲ့ လက်ဝှေ့သမားတွေ၊ နပန်းသမားတွေ၊ ပါးနပ်တဲ့သူတွေ အကုန်လုံးနဲ့ ကြုံဖူးခဲ့ပြီးပါပြီ။ကျွန်တော့်အတွေ့အကြုံနဲ့ အခြေအနေကိုလိုက်ပြီး လှုပ်ရှားတတ်မှုတွေက ဒီပြိုင်ပွဲမှာ အရေးပါတဲ့ အားသာချက်ဖြစ်လိမ့််မယ်။ ကျွန်တော် ဒီကလေးကို အပြည့်အဝလေးစားပေမယ့် သူ ကျွန်တော် မတွေ့ဖူးမမြင်ဖူးတဲ့ ကစားကွက်တွေကို ပြနိုင်မှဖြစ်မယ်။ ဒီပြိုင်ပွဲကို ကျွန်တော် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမယ်။ ကျွန်တော့်အဖွဲ့သားတွေကို ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ အနိုင်ရမှာပါ”ဟု Folayang က ပြောသည်။

Folayang အနေဖြင့် Khan ကို အနိုင်ယူနိုင်ခဲ့လျှင် ပထမဦးဆုံး နှစ်ထပ်ကွမ်း ONE လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံ ခါးပတ််ပိုင်ရှင်ဖြစ်လာမည့်အပြင် အခြားအခွင့်အရေးများလည်း စောင့်ကြိုလျက်ရှိသည်။ ၎င်းသည် ဝိတ်တန်းတွင်း ထိပ်တန်းကစားသမားအနေဖြင့် ရပ်တည်သွားနိုင်တော့မည်ဖြစ်ကာ လာမည့်နှစ်တွင် အခွင့်အလမ်းကောင်းများလည်း ရရှိလာဦးမည်ဖြစ်သည်။ 

၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖွဲ့ဝင်သစ် ကမ္ဘာ့လိုက်ဝိတ်ချန်ပီယံဆုကို အကြိမ်ကြိမ်ရရှိခဲ့သော ချန်ပီယံဟောင်း Eddie Alvarez သည် ONE ကမ္ဘာ့ Grand Prix ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း Folayang ကမူ ခါးပတ် ပြန်လည်ရယူရေးကိုသာ အထူးအာရုံစိုက်ထားသည်။

“ကျွန်တော့်နိုင်ငံသားတွေအတွက် ဒီခါးပတ်ကို အရယူဖို့အသင့်ဖြစ်နေပါပြီ။ ကျွန်တော့်ခါးပတ်ကို ဒီနေရာမှာပဲ ဆုံးရှုံးခဲ့ရဖူးတယ်။ ဒီခါးပတ်ကို ပြန်ရယူဖို့အခွင့်အရေးကို စောင့်နေတာ တစ်နှစ်ရှိပြီ။ တကယ်လို့ မနီလာမှာ ခါးပတ်ကို ပြန်အရယူနိုင်မယ်ဆိုရင် ကျွန်တော် ထပ်ပြီးကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ ထိုက်တန်တယ်ဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြနိုင်လိမ့်မယ်” ဟု Folayang က ပြောကြားခဲ့သည်။