ရွေးကောက်ပွဲကတိများ

ရွေးကောက်ပွဲကတိများ
Published 2 November 2018

 

ရွေးကောက်ပွဲကတိ သို့မဟုတ် မဲဆွယ်ပွဲကတိဟူသည် ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် ကြိုးပမ်းသည့် ကိုယ်စားလှယ်လောင်းတစ်ဦး သို့မဟုတ် နိုင်ငံရေးပါတီတစ်ခုက လူထုအား  ကတိပြုသို့မဟုတ် အာမခံသည့် ကတိတစ်ရပ်ဖြစ်သည်။ အနောက်တိုင်းတစ်ခွင်၌ နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ရွေးကောက်ပွဲကတိများကို အကြီးအကျယ်ပြည့်မီအောင် ဆောင်ရွက်လေ့ရှိကြသည်။ အမေရိကန်ပြည်ထောင်စုတွင် စင်မြင့်ပေါ်၌ ပြောကြားသော ရပ်တည်ချက်များသည် အမေရိကန်ပါတီများ အကောင်အထည်ဖော်မည့် မူဝါဒများကို ခြေရာခံရန် အရေးကြီးသော သဲလွန်စများဖြစ်ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း ဒီမိုကရက်တစ်နှင့် ရီပက်ဘလီကင် လွှတ်တော်အမတ်များသည် ၎င်းတို့၏ စင်မြင့်ပေါ်ပြောကြားသော ရပ်တည်ချက်များနှင့်အညီ မဲပေးခဲ့မှုမှာ ၇၄ ရာခိုင်နှုန်းနှင့် ၈၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။

အမေရိကန်နိုင်ငံရေးသိပ္ပံဂျာနယ်၌ ၂၀၁၇ ခုနှစ်က လေ့လာချက်တစ်ရပ်သည် နိုင်ငံပေါင်း ၁၂ နိုင်ငံ(သြစတြီးယား၊ ဘူဂေးရီးယား၊ ကနေဒါ၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်)တို့၌ နိုင်ငံရေးပါတီ များသည် ၎င်းတို့အနေဖြင့် မဲဆန္ဒရှင်ပြည်သူများအား ပေးထားသည့်ကတိများကို သင့်တင့်လျှောက်ပတ်သော အတိုင်းအတာအထိတည်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ရွေးကောက်ပွဲများပြီးနောက် အာဏာရသောပါတီများသည် ပေးထားသည့်ကတိများကို အထိုက်အလျောက် အကောင်အထည်ဖော်ကြရာ၌ တစ်ခါတရံတွင် ရာခိုင်နှုန်း အလွန်မြင့်မားစွာ တည်ခဲ့ကြပြီး အာဏာမရသည့်ပါတီများသည် အထွေထွေသဘောအရ ၎င်းတို့ကတိများကို အကောင်အထည်ဖော်မှု ရာခိုင်နှုန်း နည်းပါးကြသည်။ အာဏာရပါတီများ၏ ပေးထားသောကတိများကို အကောင်အထည်ဖော်မှုသည် အာဏာခွဲဝေမှု အခင်းအကျင်းများကို ရောင်ပြန်ဟပ်ပြနေသည်လည်း ရှိသည်။ ပေးထားသည့် ကတိများကို အကောင်အထည်ဖော်ရေးအပေါ် ရိုက်ခတ်သည့် အာဏာခွဲဝေပုံအဓိက အခင်းအကျင်းကို တစ်ပါတီအစိုးရအဖွဲ့များနှင့် ညွန့်ပေါင်းအစိုးရအဖွဲ့များအကြား သိသာထင်ရှားစွာ ကွဲပြားခြားနားနေလျက် တွေ့ရှိရသည်။ ဥပဒေပြုရေးအာဏာအများစုရရှိခြင်း /မရှိခြင်း နှင့် များစွာသက်ဆိုင်ခြင်း မရှိပေ။

ဗြိတိန်၊ ဆွီဒင်၊ ပေါ်တူဂီ၊ စပိန်နှင့် ကနေဒါနိုင်ငံများရှိ အာဏာရပါတီများအနေဖြင့် ပေးထားသည့်ကတိများ အကောင်အထည်ဖော်မှု အမြင့်ဆုံးရာခိုင်နှုန်းရှိခြင်းမှာ ယင်းနိုင်ငံများရှိ အစိုးရအဖွဲ့အများစုသည် တစ်ပါတီတည်းက အာဏာရသောကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဂျာမနီ၊ နယ်သာလန်၊ သြစတြီးယား၊ ဘူဂေးရီးယား၊ အိုင်ယာလန်နှင့်  အီတလီနိုင်ငံများတွင် ဖော်ပြပါနိုင်ငံများထက် ရွေးကောက်ပွဲကတိ အကောင်အထည်ဖော်နိုင်မှုရာခိုင်နှုန်း ပိုမိုနိမ့်ပါးကြောင်း တွေ့ရှိရသည်မှာ ယင်းနိုင်ငံများရှိ အစိုးရအဖွဲ့ အများစုသည် ညွန့်ပေါင်းအစိုးရအဖွဲ့များ ဖြစ်နေသောကြောင့်ဟု တွေ့ရှိရသည်။

ရွေးကောက်ပွဲကတိများကို အထင်အရှားချိုးဖောက်သော သာဓကများလည်းရှိသည်။ အနီးကပ်ဆုံးဥပမာအားဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၂၀၁၆ ခုနှစ် ကိုယ်စားလှယ်လောင်းဘဝက ရွေးကောက်ပွဲကတိအဖြစ် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်ကို သူ၏အီးမေးလ်အရှုပ်တော်ပုံကြောင့် သမ္မတဖြစ်လာပါက ထောင်ချပစ်မည်ဟု ကတိပေးခဲ့သည်။ သို့သော် သူသမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံရပြီးနောက် ကလင်တန်ကို အမှန်တကယ်တရားစွဲဆိုမည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ပါတီတစ်ခုတည်းက အနိုင်ရရှိခဲ့သော အစိုးရအဖွဲ့များသည်  ညွန့်ပေါင်းအစိုးရအဖွဲ့များထက် ရွေးကောက်ပွဲကတိများကို အကောင်အထည်ဖော်နိုင်ခွင့် ရာခိုင်နှုန်းပို၍များသည်သာ ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာကရေးသား အပ်ပါသည်။

(နိုဝင်ဘာ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent