■ ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုခံရသူ ၃၀ ဦးသည် အသက် ၆၀ နှစ်အောက် လေးငါးဦးခန့်သာပါဝင်ပြီး ကျန်ပုဂ္ဂိုလ်များမှာ အသက် ၆၀ နှစ်မှ ၈၀ နှစ်ကြားရှိသူများဖြစ်
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်ရန် အဆိုပြုတင်ပြထားသူ ၃၀ ဦးတွင် လက်ရှိအစိုးရအဖွဲ့ဝင် ၂၀ ဦး ပြန်လည်ပါဝင်လာကြောင်း သိရသည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းရန် သဘောတူထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနမှာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ဖြစ်သည်။
ယင်းဝန်ကြီးဌာန ၃၁ ဌာနတွင် ဝန်ကြီးဦးရေ ၃၀ ဦးခန့်အပ်ရန်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြမှုအပေါ် ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုထားပြီးဖြစ်သည်။
သို့ရာတွင် ဝန်ကြီးဌာန ၃၁ ဌာနအတွက် မည်သည့်ဝန်ကြီးဌာနတွင် မည်သည့်ပြည်ထောင်စုဝန်ကြီးက တာဝန်ထမ်းဆောင်မည်ကို ပြည်ထောင်စုလွှတ်တော်က ကြေညာခြင်းမရှိသေးသော်လည်း ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်မည့် ၃၀ ဦး၏ အမည်စာရင်းကို ဧပြီ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နာယကက ဖတ်ကြားကြေညာခဲ့သည်။
အဆိုပါ ၃၀ ဦးအနက် အများစုသည် လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည့်အပြင် အချို့မှာ ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး အသက်အရွယ်အားဖြင့် ၅၅ နှစ်နှင့် ၆၀ နှစ်ကြားရှိသူ လေးငါးဦးခန့်သာပါဝင်ပြီး အများစုမှာ အသက် ၆၀ နှစ်အထက်နှင့်ရှိကာ အသက်အရွယ်အကြီးဆုံးအဖြစ် အသက် ၈၀ ဝန်းကျင်ရှိ ဒေါက်တာသက်သက်ဇင်၊ အသက် ၇၅ နှစ်အရွယ်ရှိ ဦးခင်မောင်စိုးနှင့် ဒေါက်တာချာလီသန်းတို့ပါဝင်သည်။
လက်ရှိတွင် အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့အတွက် ကာကွယ်ရေးဦးစီးရေး (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်တို့အား အဆိုပြုတင်ပြထားပြီး ၎င်းတို့အနက် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်သည် ပြည်ထဲရေးပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ထို့ပြင် လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ဝင်များဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ၊ အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ဝန်ကြီး ဦးတင်အောင်စန်း၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ဝန်ကြီး ဦးထွန်းအုံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးမြထွန်းဦး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦး၊ ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းနောင်၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ပြန်လည်ကယ်ဆယ်ရေးနှင့် နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုထားသည့် ပြည်ထောင်စုဝန်ကြီးများစာရင်းတွင် ပြန်လည်ပါဝင်လာသည်။
ယခုပြည်ထောင်စုဝန်ကြီးအမည်စာရင်းတွင် ပြန်လည်ပါဝင်လာသည့် ပြည်ထောင်စုဝန်ကြီးအများစုသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုယှဉ်ပြိုင်၍ အနိုင်ရရှိထားသူများဖြစ်သည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုတင်ပြခံရသူ ကျန်ရှစ်ဦးတွင် ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးမျိုးဇော်သိန်း (လွှတ်တော်ကိုယ်စားလှယ်)၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး (လွှတ်တော်ကိုယ်စားလှယ်၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လျှပ်စစ်ဝန်ကြီး)၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မြင့် (လွှတ်တော်ကိုယ်စားလှယ်၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံခြားရေးဒုဝန်ကြီး၊ စက်မှုပြည်ထောင်စုဝန်ကြီး)၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမောင်သင်း (လွှတ်တော်ကိုယ်စားလှယ်)၊ ပြည်ခိုင်ဖြိုးပါတီ ပဲခူးတိုင်း (အရှေ့ခြမ်း) ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း (လွှတ်တော်ကိုယ်စားလှယ်) တို့ပါဝင်သည်။
အလားတူ ဦးဆန်းဦးသည် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) တစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌတာဝန်၊ စစ်ရေးချုပ်တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။
သို့ဖြစ်၍ ပြည်ထောင်စုဝန်ကြီး ၃၀ ဦးတွင် ၂၈ ဦးသည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ၊ တပ်မတော်မှအငြိမ်းစားနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှဖြစ်ပြီး ပြင်ပမှအဆိုပြုခံရသူ နှစ်ဦးသာပါဝင်သည်ဟုဆိုရမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုခံရသူ ကျန်နှစ်ဦးမှာ ဦးသန်းမောင်ဖြစ်ပြီး ၎င်းသည် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး (မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌ၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဝင်၊ မြန်မာ နိုင်ငံမူပိုင်ခွင့် ဗဟိုကော်မတီအဖွဲ့ဝင်တာဝန်များထမ်းဆောင်ခဲ့) နောက်ထပ်တစ်ဦးမှာ လက်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန် ယူထားသူ ဒေါက်တာသက်သက်ဇင်တို့ဖြစ်သည်။
ယင်းအပြင် လက်ရှိပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးကို ပြည်ထောင်စုရှေ့နေချုပ်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်ထောင်စုဒုတိယစာရင်းစစ်ချုပ်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုးသိန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုရုံးဥက္ကဋ္ဌအဖြစ်လည်းကောင်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြခဲ့သည်။















