လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် လက်ရှိဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၀ ခုနှင့် ဝန်ကြီး ၁၀ ဦးတို့ဖြင့်ဖွဲ့စည်းရန် ဧပြီ ၇ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အတည်ပြုခဲ့သည်။
ထိုသို့ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာနများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခံထားရသူက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ၁၀ ဦး၏ အမည်စာရင်းများကို အဆိုပြုတင်သွင်းခဲ့ပြီး ၎င်းတို့နှင့် ပတ်သက်၍ ကန့်ကွက်လိုသူရှိပါက တိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ ခိုင်လုံသောအထောက်အထားဖြင့် ကန့်ကွက်နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် အစည်းအဝေးအား ခေတ္တရပ်နားခဲ့ပြီး အစည်းအဝေး ပြန်လည်စတင်ချိန်တွင် ဝန်ကြီး ၁၀ ဦးနှင့်ပတ်သက်၍ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ ဝန်ကြီးများမှာ ဗိုလ်မှူးကြီး ဝင်းတင့်၊ ဒေါက်တာမေသန်းနွယ်၊ ဦးဗိုလ်ဌေး၊ ဦးနေလင်းထွန်း၊ ဒေါက်တာ မျိုးသော်၊ ဒေါက်တာ ထူးမောင်၊ ဦးစိုးဦး၊ ဦးမျိုးမြင့်အောင်၊ စောဂျက်ကော့ထူးနှင့် ဦးနေမင်းထွန်းတို့ဖြစ်ကြောင်း လွှတ်တော်က အတည်ပြုခဲ့သည်။
ထို့အတူ တိုင်းဥပဒေချုပ်အဖြစ် ဒေါ်ဖြူမာဝေ၊ တိုင်းစာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်မာချိုနှင့် တိုင်းတရားသူကြီးများအဖြစ် ဦးကျော်စွာငြိမ်း၊ ဒေါ်ထားထား၊ ဒေါ်နုနုခင်၊ ဦးကျော်ကျော်၊ ဒေါ်မာလာထွဋ်၊ ဦးသောင်းထွေးတို့နှင့်ပတ်သက်၍လည်း ကန့်ကွက်သူမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့သည်။















