သတ်မှတ်ချိန်အတွင်း သဘောတူညီမှုမရပါက အီရန်တစ်နိုင်ငံလုံးကို တစ်ညတည်းဖြင့် အပြတ်ရှင်းပစ်လိုက်၍ရသည်ဟု ထရန့်သတိပေး

သတ်မှတ်ချိန်အတွင်း သဘောတူညီမှုမရပါက အီရန်တစ်နိုင်ငံလုံးကို တစ်ညတည်းဖြင့် အပြတ်ရှင်းပစ်လိုက်၍ရသည်ဟု ထရန့်သတိပေး
Published 7 April 2026

ကြာမြင့်ချိန်ငါးပတ်ရှိလာပြီဖြစ်သည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြားစစ်ပွဲကို အဆုံးသတ်ရန် သတ်မှတ်ထားသည့် အချိန်ကန့်သတ်ချက်အတွင်း သဘောတူညီမှုမရရှိပါက ဧပြီ ၈ ရက်ညတွင် အီရန်ရှိ အရပ်ဘက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို အလုံးအရင်းဖြင့် တိုက်ခိုက်ရန် အမိန့်ပေးမည်ဟု ဒေါ်နယ်ထရန့်က ကြိမ်းဝါးလိုက်သည်။

ဧပြီ ၇ ရက်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ထရန့်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်ပြီး အီရန်ဘက်မှ လိုက်နာသဘောတူရမည့် အချိန်ကန့်သတ်ချက်က ဧပြီ ၈ ရက် ည ၈ နာရီတွင် ကုန်ဆုံးမည်ဖြစ်သည်။

အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်မှုကို စွန့်လွှတ်ရန်နှင့် အရေးပါသည့် ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရန် ထရန့်က တောင်းဆိုထားသည်။

“တစ်နိုင်ငံလုံးကို တစ်ညတည်းနဲ့ အပြတ်ရှင်းပစ်လို့ရတယ်၊ အဲဒီညက မနက်ဖြန်ညလည်း ဖြစ်သွားနိုင်တယ်။ အဲဒီလို မလုပ်ချင်ပါဘူး” ဟု ထရန့်ကဆိုသည်။

ဧပြီ ၈ ရက်ည သန်းခေါင်ယံအချိန်တွင် အီရန်ရှိတံတားတိုင်းကို ဖျက်ဆီးပစ်မည့် စီမံချက်ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအားလုံးကိုလည်း ပြန်အသုံးပြု၍မရအောင် ပေါက်ကွဲစေပြီး ရပ်ဆိုင်းပစ်မည်ဟု ထရန့်ကပြောသည်။“ကျွန်တော်တို့သာ ဆန္ဒရှိတယ်ဆိုရင် လေးနာရီအတွင်း အပြီးသတ် ချေမှုန်းပစ်မှာပါ။ အဲဒီလိုလည်း မဖြစ်ချင်ဘူး”ဟု ထရန့်ကပြောသည်။

အရပ်ဘက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ပါက စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်ဆိုသည့် ဝေဖန်ချက်များကို ထရန့်က မမှုပေ။

“ကျွန်တော် ဂရုမစိုက်ဘူး။ တကယ်တမ်း စစ်ရာဇဝတ်မှုဆိုတာ ဘာလဲသိလား။ နျူကလီးယားလက်နက် ပိုင်ဆိုင်တာကို ခေါ်တာ” ဟု အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်တွင် ပြုလုပ်သည့် အီစတာပွဲတော်အတွင်း ထရန့်က ပြောခဲ့သည်။

Ref:Reuters

Most Read

Most Recent