ရန်ကုန်တွင် ၉၅ အမျိုးအစား ဓာတ်ဆီ စျေးအနည်းငယ်ကျဆင်းပြီး ကျန်သည့် စက်သုံးဆီစျေးများ ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းများအရ သိရသည်။
ဧပြီ ၃ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ရန်ကုန်တွင် ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၄၆၂၅၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၈၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၅၆၈၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၆၈၀၅ ဖြစ်သည်။
ပြီးခဲ့သည့် တပတ်က စက်သုံးဆီစျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက ဆီစျေးများမှာ ၉၂ တစ်လီတာ ၁၇၂ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၃၀၊ ပရီမီယံဒီဇယ်တစ်လီတာ ၇၂၀ အထိ ထပ်မံမြင့်တက်လာသည်။
သို့သော် ၉၅ အမျိုးအစားဓာတ်ဆီမှာတစ်လီတာ ၁၉၅ ကျပ် ကျဆင်းခဲ့သည်ကို တွေ့ရသည်။
စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် စျေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။
မတ် ၂၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းအရ ရန်ကုန်တွင် ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၄၄၅၀၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၇၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၅၄၅၀၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၆၀၈၅ ဖြစ်သည်။
ယင်းကြောင့် စက်သုံးဆီစျေးနှုန်းမှာ သုံးပတ်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများမှာ အတက်အကျ မငြိမ်သက်ဖြစ်နေရာမှ စက်သုံးဆီစျေးနှုန်းများမှာလည်း ပြောင်းလဲလျက်ရှိသည်။
အလားတူ ရေနံအကြပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း စက်သုံးဆီလျှော့ချအသုံးပြုနိုင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိသည်။














