အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှု တစ်နှစ်ပြည့်အထိမ်းအမှတ် ရန်ကုန်မြို့ရှိ သံရုံးအချို့က ကြေညာချက်များထုတ်ပြန်သည်။
တစ်နှစ်ပြည့်မြောက်သည့် ယခုအချိန်တွင်၊ အသက်ဆုံးရှုံးခဲ့ရသူများကို မိမိတို့ သတိရအောက်မေ့လျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်လျက်ရှိသည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သည်။
ပြင်းထန်စွာလှုပ်ခတ်ခဲ့သော မြေငလျင်တစ်နှစ်ပြည့်လာခဲ့သည်တွင် အသက်ဆုံးရှုံးခဲ့ကြသူများကို အောက်မေ့သတိရမိပြီး ထိခိုက်ခံစားခဲ့ရသူများနှင့် မိသားစုဝင်များ အားလုံးအတွက် ထပ်တူထပ်မျှ အလေးအနက် ဝမ်းနည်းကြေကွဲရပါကြောင်း ဥရောပသမဂ္ဂ (EU) ကထုတ်ပြန်သည်။
ယုံကြည်ရသော မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ယူရိုငွေ ၁၃ သန်းကျော် တန်ဖိုးရှိ အရေးပေါ်ငလျင်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူ ၇၉၀၀၀၀ ကျော်ထံသို့ အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကိုလည်း မြေပြင်တုံ့ပြန်မှုလုပ်ငန်းများတွင် ပါဝင်ကူညီရန် စေလွှတ်ခဲ့ပြီး Copernicus ဂြိုဟ်တုမြေပုံစနစ်မှ ထုတ်ပေးသော ဒေတာများသည် မြေပြင်ရှိ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို လမ်းညွှန်ပေးရာတွင်လည်း အထောက်အကူပြုခဲ့ကြောင်း EU က ဆိုသည်။
မြေငလျင်ဘေးအန္တရာယ် တစ်နှစ်တာကာလ ကျော်လွန်ခဲ့သော်လည်း ကတိကဝတ်မှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး EU မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာပြည်သူများ၏ ဘဝများ ပြန်လည်ထူထောင်ရာတွင်လည်း ဆက်လက်ပံ့ပိုးကူညီပေးနေကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ယူရိုငွေ ၈၃ သန်းကျော်ကို မြန်မာနိုင်ငံရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီများအဖြစ် ထပ်မံလျာထားပြီး၊ နေထိုင်စရာ၊ စားနပ်ရိက္ခာ၊ ရေနှင့်သန့်ရှင်းရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ငွေသားအထောက်အပံ့နှင့် အရေးပေါ်ပညာရေး စသည့်ကဏ္ဍအသီးသီးတွင်
အသုံးပြုသွားမည်ဖြစ်ကြောင်း EU က ထုတ်ပြန်သည်။
ယမန်နှစ်က မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်အတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေကို အောက်မေ့သတိရရင်း အသက်ရှင်ကျန်ရစ်သူတွေ၊ အခက်အခဲများ ဆက်လက်ရင်ဆိုင်နေရသူများ၏ စိတ်ဓာတ်ခိုင်မာမှုကို အသိအမှတ်ပြုပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့အသိုက်အဝန်းများအတွက်ထားရှိသည့် ယူကေအစိုးရရဲ့ ကတိကဝတ်များက မပြောင်းမလဲ တည်ရှိနေသည်ဟု ဗြိတိန်သံရုံးက ထုတ်ပြန်သည်။
" မနှစ်က ငလျင်လှုပ်ခတ်အပြီး လပိုင်းအကြာမှာပဲ ကျွန်တော်မန္တလေးကို ရောက်ခဲ့ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ အသိုက်အဝန်းတွေရဲ့ အတွေ့အကြုံတွေကို တိုက်ရိုက်နားထောင်ခွင့်ရခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော့်စိတ်ကို လှုပ်ခတ်စေတဲ့အရာကတော့ ဒေသခံတွေကြားမှာရှိတဲ့ စည်းလုံးညီညွတ်မှုပါပဲ။ အိမ်နီးချင်းသမားတွေက ကယ်ဆယ်ရေးသမားတွေဖြစ်လာကြပြီးတော့ လူမှုအသိုက်အဝန်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း အသက်ကယ်ဆယ်ရေးအတွက် စုပေါင်းလုပ်ဆောင်ကြတာကို မြင်တွေ့ခွင့်ရခဲ့ပါတယ်"
ဟု ရန်ကုန်မြို့ရိ ဗြိတိသျှသံရုံး၏ ဖွံ့ဖြိုးတိုးတက်ရေးညွှန်ကြားရေးမှူး Joel Harding က ပြောကြားသည်။
ငလျင်အရေးပေါ်တုံ့ပြန်မှုအတွက် ဗြိတိန်က စတာလင်ပေါင် ၂၅ သန်းထောက်ပံ့ခဲ့ပြီး စုစုပေါင်း စတာလင်ပေါင် ၂၈ သန်းရှိကာ ဗြိတိန်ပြည်သူများ၏ တိုက်ရိုက်လှုဒါန်းခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် မတ် ၂၈ ရက်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိအင်အားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း အစရှိသည့် မြို့များတွင် ပျက်စီးမှုများပြားခဲ့ကာ လူရာနှင့်ချီ သေဆုံးခဲ့ကြောင်း သိရသည်။















