မွန်ပြည်နယ်အတွင်းရှိ မော်တော်ဆိုင်ကယ်များအနေဖြင့် စက်သုံးဆီ နှစ်ရက်လျှင် (၅၀၀၀) ကျပ်ဖိုး တစ်ကြိမ်သာ ဝယ်ယူခွင့်ရရှိနေကြကြောင်း သိရသည်။
လက်ရှိ မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီဝယ်ယူသည့် မော်တော်ဆိုင် ကယ် နံပါတ်ပြားအား မှတ်တမ်းရယူထားပြီး တစ်ရက်လျှင် (၅၀၀၀) ကျပ်ဖိုး တစ်ကြိမ်သာ ဝယ်ယူခွင့်ပြုထားကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
“စက်သုံးဆီဝယ်ယူမယ့် မော်တော်ဆိုင်ကယ်ရဲ့ နံပါတ်ကို Software ထဲထည့်ပြီးအသုံးပြုတာစတင်လုပ်ဆောင်နေပါတယ်။ မော်တော်ဆိုင်ကယ်တစ်စီးကို တစ်ရက်ကို (၅၀၀၀) ကျပ်နှုန်းတစ်ကြိမ်တည်းရောင်းချပေးနေပါတယ်။ မော်တော်ဆိုင်ကယ်တွေအနေနဲ့က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီထည့်ပြီးသွားရင် တခြားဆိုင်တွေမှာ ထပ်မံဝယ်ယူခွင့်မရရှိတော့ပါဘူး” ဟု မော်လမြိုင်မြို့မှ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
လက်ရှိ မော်လမြိုင်မြို့၏ စက်သုံးဆီရည်ညွန်းဈေးနှုန်းအရ ဓါတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ (၄၈၂၅) ကျပ်၊ ဓါတ်ဆီ 95 Rom တစ်လီတာဈေးနှုန်းမှာ (၅၁၉၅) ကျပ် ဖြစ်နေသည့်အတွက် မော်တော်ဆိုင်ကယ်တ်စီးအတွက် စက်သုံးဆီ (၅၀၀၀) ကျပ်ဖိုးထည့်ပါက ဓါတ်ဆီ 92 Rom ဆိုပါက (၁ ဒသမ ၀၃၆) လီတာ၊ ဓါတ်ဆီ 95 Rom ဆိုပါက (၀ ဒသမ ၉၆) လီတာသာရရှိသည်။ ထို့အပြင် စုံရက်၊ မရက် ခွဲထားသည့်အတွက် နှစ်ရက်တစ်ကြိမ်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး တစ်ကြိမ်လျှင်လည်း (၅၀၀၀) ကျပ်ဖိုးသာဝယ်ခွင့်ရရှိကြမည်ဖြစ်သည်။
ထိုအခြေအနေကြောင့် မော်တော်ဆိုင်ကယ်စီးနင်းသူများအခက်တွေ့နေရကြောင်း နှင့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများအနေဖြင့် အဆင်မပြေတော့ကြောင်း မော်လမြိုင်မြို့ခံ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး “အရင်ရက်တွေက ဆိုင်မှာ ဓါတ်ဆီ (၅၀၀၀) ကျပ်ဖိုးရဖို့ တစ်နာရီ၊ တစ်နာရီခွဲလောက်တန်းစီပြီးတော့ဝယ်ရတယ်။ ပြီးတော့ ခရီးသည်ပို့ဆောင်တာလုပ်။ ပြီးရင်ဆီကုန်သွားလို့ နောက်ထပ်ဆီဆိုင်တစ်ဆိုင်မှာ တစ်နာရီခွဲ၊ နှစ်နာရီလောက်ထပ်ပြီးတန်းစီပြီးတော့ ဓါတ်ဆီ (၅၀၀၀) ကျပ်ဖိုးပြန်ဝယ်။ ပြီးရင်ခရီးသည်လိုက်ပို့ ၊ အဲ့ဒီလိုမျိုးလုပ်နေရတာ။ အခုက ဘယ်စက်သုံးဆီဆိုင်ကမဆို ဆိုင်ကယ်နံပါတ်နဲ့ တစ်ရက်ကို တစ်ကြိမ်ပဲ ရောင်းပေးတော့တယ်။ တစ်ကြိမ်ရောင်းပေးတာကလည်း (၅၀၀၀) ကျပ်ဖိုးပဲဆိုတော့လက်ရှိ စက်သုံးဆီဈေးနှု်နးအရက ဓါတ်ဆီ 95 Rom ကတစ်လီတာတောင်မပြည့်တော့ဘူး။ ကျနော်တို့ ဆိုင်ကယ်ကယ်ရီသမားတွေ အလုပ်လုပ်စားလို့မရတော့ဘူး” ဟုပြောကြားသည်။
အလားတူ မော်တော်ဆိုင်ကယ် စီးနင်းသူများအနေဖြင့်လည်း နှစ်ရက်လျှင် ဓါတ်ဆီ (၅၀၀၀) ကျပ်ဖိုးသာဝယ်ယူခွင့်ရှိသည့်အတွက် အဆင်မပြေတော့ကြောင်း နှင့် ပြင်ပ မှောင်ခိုဈေးကွက်တွင် စက်သုံးဆီအား ဈေးကြီးပေးဝယ်ယူနေရကြောင်း မော်လမြိုင်မြို့ခံပြည်သူတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး “စက်သုံးဆီဈေးတက်သွားတဲ့အပြင်ကို နှစ်ရက်မှ ဆီ (၅၀၀၀) ကျပ်ဖိုးပဲ ရောင်းပေးကြတယ်ဆိုတော့ ဘယ်လို ဦးနှောက်နဲ့ လူလုပ်နေကြလဲတော့မသိဘူး။ စက်သုံးဆီဆိုင်တွေကလည်း ညပိုင်းအပြင်ကို မှောင်ခိုဈေးနဲ့ပဲ ထုတ်ရောင်းနေကြတော့ ဆိုင်ကယ်တွေကို ဆီရောင်းပေးလိုက်ရင်သူတို့မှောင်ခိုထုတ်မယ့် ဆီလျော့သွားကြမှာစိုးလို့နဲ့တူတယ်။ ဆိုင်ကယ်တွေကို နှစ်ရက်မှ (၅၀၀၀) ကျပ်ဖိုးပဲ ရောင်းပေးနေတယ်” ဟု ပြောကြားသည်။
မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင် (၂၄) ဆိုင်ရှိသော်လည်း စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်ပြောင်းလေ့ရှိသည့် သောကြာနေ့မတိုင်ခင် ကြာသပတေးနေ့များတွင် စက်သုံးဆီအရောင်းဆိုင်အတော်များများ အရောင်းပိတ်ကာ တက်ဈေးစောင့်ရောင်းကြလေ့ရှိကြောင်း မွန်ပြည်နယ် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချသူများအသင်းနှင့်နီးစပ်သူများထံမှ သိရသည်။
ထို့အပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် မွန်ပြည်နယ်အတွင်းမှ စက်သုံးဆီများကိုလည်း ကရင်ပြည်နယ်အတွင်းရှိ ထိုင်း - မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်လုပ်ငန်းများသို့ နည်းလမ်းပေါင်းစုံဖြင့် ပို့ဆောင်ကာ ရောင်းချနေကြသည့်အပြင် ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ တရားမဝင်း ရွှေတွင်းလုပ်ကွက်များသို့လည်း နည်းလမ်းပေါင်းစုံဖြင့် သယ်ဆောင်ကာ ရောင်းချနေကြကြောင်းလည်း မွန်ပြည်နယ် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချသူများအသင်းနှင့်နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
မော်လမြိုင်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအနေဖြင့် စက်သုံးဆီများအား နည်းလမ်းပေါင်းစုံဖြင့် မှောင်ခိုထုတ်ရောင်းနေကြသည့်အတွက် သက်ဆိုင်ရာမှလည်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေရကြောင်း သိရသည်။
မော်လမြိုင်မြို့တွင်စက်သုံးဆီ (၅၀၀၀) ကျပ်ဖိုးဝယ်ယူခွင့်ရရှိရန်အတွက် အနည်းဆုံး အချိန် (၁) နာရီမှ (၂) နာရီအထိ တန်းစီစောင့်ဆိုင်းကာဝယ်ယူနေကြရလေ့ရှိသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူမျးထံက သိရသည်။















