■ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ၁၀ ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

■ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ၁၀ ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်
Published 25 March 2026

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ဆုတောင်းပြည်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် (၂၀၂၆ ခုနှစ်)၊ တန်ခူးလဆန်း ၁၀ ရက် (မတ် ၂၇ ရက်) မှ တန်ခူးလဆုတ် ၄ ရက် (ဧပြီ ၅ ရက်) အထိ ၁၀ ရက်တိုင်တိုင် စည်ကာသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော်ကြီးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး  ဘုရား၊ တရား၊ သံဃာ သုံးဌာနပူဇော်ပွဲနှင့်အတူ ဆယ့်နှစ်ပွဲဈေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲနှင့် ကလေးကစားကွင်းများ၊ ဇာတ်ပွဲသဘင်ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော်ကျင်းပမည့်အခြေအနေနှင့်ပတ်သက်ပြီး “ဘုရားပွဲတော်ကျင်းပမှာက ကျွန်တော်တို့ ဂေါပကအဖွဲ့က ဦးဆောင်ပြီး လုပ်မှာမဟုတ်ပါဘူး။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီးလုပ်မှာပါ။ ဘုရားပွဲရက်ကတော့ တန်ခူးလဆန်း ၁၀ ရက်နေ့ကနေပြီးတော့ တန်ခူးလဆုတ် ၄ ရက်နေ့အထိ လုပ်သွားမှာပါ”ဟု ပဲခူး  ရွှေမော်ဓောဘုရား ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးက ပြောကြားသည်။

ဘုရားပွဲတော် အစီအစဉ်အရ ဘုရား၊ တရား၊ သံဃာတော်မြတ် သုံးဌာနပူဇော်ပွဲမှ ဘုရားပူဇော်ပွဲအား မြတ်ဗုဒ္ဓကို အာရုံပြု၍ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အ‌မွှေးနံ့သာ၊ ဆွမ်း၊ သစ်သီးဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊ ဘုရားအနေကဇာတင်ခြင်းကုသိုလ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရားပူဇော်ပွဲတွင် ပင့်ဖိတ်ထားသော သံဃာ‌တော်အရှင်သူမြတ်များက ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်ပြု ဆောင်ရွက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 သံဃာပူဇော်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကာ အလှူဒါယိကာ၊ အလှူဒါယိကာမများ စုပေါင်း၍ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ် အပါး ၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နဝကမ္မအလှူငွေများ လှူဒါန်းခြင်း ကုသိုလ်များ ဆောင်ရွက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပျော်ပွဲ၊ ရွှင်ပွဲ ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့်   နယ်လှည့်ဈေးသည်များ၏ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ထွက်ရှိသည့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်းများ ပါဝင်သည့် ဈေးဆိုင်ခန်းများနှင့် ဒေသခံများ၏ ဒေသထွက်ကုန် ဈေးဆိုင်ခန်းများလည်း ခင်းကျင်းရောင်းချမည်ဖြစ်ကာ ပျော့ပျော့အိအိ၊ ချားရဟတ်၊ ပင်လယ်ဓားမြ၊ အပျော်စီးလှေ စသည့် ကလးကစားကွင်းများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားပွဲလာပြည်သူများ အပန်းဖြေကြည့်ရှုရန်အတွက် ဇာတ်ပွဲသဘင်ဖျော်ဖြေရေးအစဉ်များလည်း ပါဝင်ပြီး မြို့ရွှေမန်းသားဖိုးချစ်ဇာတ်သဘင်၊ အောင်ဇမ္ဗူဇာတ်သဘင်၊ စမ်းရေမိုးဇာတ်သဘင်နှင့် သူရဝင်းထွဋ် ဇာတ်သဘင်အဖွဲ့ စသည့် နာမည်ကျော် ဇာတ်သဘင်အဖွဲ့တို့ကလည်း ဘုရားပွဲတော်ညများတွင် အလှည့်ကျ ရုံဝင်ကပြဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent