အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဦးလှသိန်းနှင့် အတွင်းရေးမှူးအဖြစ် ဦးရန်နိုင်ဦး တို့ကို တာဝန်ပေးအပ်ရန် လျာထားကြောင်း သိရသည်။
ယနေ့(မတ် ၂၄ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က လွှတ်တော်သို့ ရှင်းလင်းပြောကြားခဲ့သည်။
“ အခု ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ(၂၄)အရ ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ (၄၄)နဲ့ (၉၃)တို့အရ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို (၁၅)ဦးထက်မပိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ကော်မတီမှာ ပါဝင်သင့်တဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ် ပါဝင်သင့်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်း၊ ကော်မတီကို တာဝန်ယူ ဦးဆောင်မယ့် ကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းများကို လွှတ်တော်မှာ တင်ပြပြီး အတည်ပြုချက် ရယူဖွဲ့စည်းရမှာ ဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့် ရပိုင်ခွင့် သက်တမ်း ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်းပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးလှသိန်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
“ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၃၀)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီးတော့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီဝင်များရဲ့ သက်တမ်း တစ်နှစ်ပြည့်မြောက်တဲ့အခါတိုင်း ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်ပါတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က လွှတ်တော်သို့ တင်ပြခဲ့သည်။
“ အခု ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ(၂၄)၊ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ (၄၄)နဲ့ (၉၃)တို့အရ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီမှာ ပါဝင်သင့်တဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြပါမယ်။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို (၁၅)ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးလှသိန်း အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၉) ဦးရန်နိုင်ဦး အား လည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၅) ဒေါ်ခင်ရွှေမြင့်(ခေါ်) ဒေါ်နှောင်းထွေး၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်း၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၈) ဦးကျော်စိန်လှ၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဒေါ်ယဉ်မင်းထိုက်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၁) ဦးဖြိုးဝေလင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၃) ဦးခင်မောင်တင့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၅) ဦးအောင်သီဟ၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၆) ဦးခင်မောင်သန်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၁) ဦးဇော်မင်းထူး၊ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၉) ဦးစောမြတ်ထွဋ်ဝင်း(ခေါ်)ကိုဆွိ၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်အောင်နှင့် ဒုတိယဗိုလ်မှူးကြီး ဝင်းမြင့်ထွန်း တို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်များအနေဖြင့် ကော်မတီသည် လွှတ်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက အခါအားလျော်စွာ ပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ပေးခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို မည်သည့်အခြေအနေအထိ ဆောင်ရွက်ပြီးကြောင်းကို လွှတ်တော်သို့ တင်ပြရမည်၊ အဆိုပါ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်အဆင့် အဖွဲ့အစည်းများက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ဆောင်ရွက်ခြင်းသည် သတ်မှတ်သည့်ကာလအတွင်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ၊ မရှိကို လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။















