ဘာစီလိုနာအသင်းဟာ လာမယ့် ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်အတွက် ပထမဆုံးအဖြေပေါ်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ အခုတစ်ပတ် လာလီဂါပွဲစဉ်မှာ ဗယ်လက်ကာနိုအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒီရာသီလာလီဂါမှာ အနိမ့်ဆုံး အဆင့်(၄)နေရာရရှိဖို့ သေချာသွားခဲ့ပါတယ်။
ဘာစီလိုနာအသင်းက (၂၉)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ (၇၃)မှတ်ရရှိထားပြီး အဆင့်(၅)နေရာက ဘက်တစ်အသင်းကို (၂၉)မှတ်ဖြတ်နိုင်ခဲ့တာကြောင့် အနိမ့်ဆုံးအဆင့်(၄)နေရာရဖို့ သေချာသွားတာပါ။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ခွဲတမ်းသတ်မှတ်ချက်အရ ပရီးမီးယားလိဂ်၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနဲ့ လာလီဂါက ထိပ်ဆုံး(၄)သင်းစီ ချန်ပီယံလိဂ် League Phase အဆင့် ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး ဘာစီလိုနာအသင်းက ပထမဆုံးအဖြေပေါ်တဲ့အသင်း ဖြစ်လာခဲ့တာပါ။
တခြားလိဂ်တွေမှာ ဒုတိယနေရာကအသင်းကို အမှတ်ဖြတ်ဦးဆောင်နိုင်တဲ့ အသင်းတချို့ရှိနေပေမဲ့ ဘာစီလိုနာအသင်းလို သချင်္ာနည်းအရ ထိပ်ဆုံး(၄)သင်းစာရင်းဝင်ဖို့ သေချာတဲ့အသင်းတော့ မထွက်ပေါ်သေးပါဘူး။
ဘာစီလိုနာအသင်းက လက်ကျန်(၄)ပွဲအလိုမှာ ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်အသင်းကို (၄)မှတ်ဖြတ်ထားပြီး လာလီဂါချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အလားအလာကောင်းနေကြောင်းလည်း သိရပါတယ်။















