ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဂျေမီရက်နက်ပ်က လိဂ်ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ခြင်းအတွက် အာဆင်နယ်နည်းပြ အာတေတာအနေနဲ့ တာဝန်ယူရမှာဖြစ်ကြောင်းနဲ့ ဂိုးသမား ကယ်ပါကို အသုံးပြုခဲ့ခြင်းက အာတေတာရဲ့ အမှားဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အာတေတာဟာ ပထမဂိုးသမား ဒေးဗစ်ရာယာကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အသုံးပြုပြီး ဒုတိယဂိုးသမား ကယ်ပါကိုတော့ FA ဖလားနဲ့ လိဂ်ဖလားပြိုင်ပွဲတွေမှာ အသုံးပြုနေတာပါ။
ဒါကြောင့် ဗိုလ်လုပွဲမတိုင်ခင် လိဂ်ဖလားပွဲစဉ်(၅)ပွဲစလုံး ကစားခွင့်ရခဲ့တဲ့ ကယ်ပါကို ဗိုလ်လုပွဲမှာလည်း ဆက်ပြီးအခွင့်အရေးပေးခဲ့တာဖြစ်ပြီး မိမိအနေနဲ့ ဗိုလ်လုပွဲမှာ ကယ်ပါကို ကစားခွင့်မပေးခဲ့ရင် မျှတမှုမရှိမှာစိုးလို့ဖြစ်ကြောင်း ပွဲအပြီးမှာ ဖြေရှင်းချက်ပေးခဲ့ပါတယ်။
ဂျေမီရက်နက်ပ်ကတော့ ''လူတွေက စိတ်ခံစားချက်နဲ့ ပြောကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အစောပိုင်းအဆင့်တွေမှာ ကစားခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ကယ်ပါက ရာယာလောက် မကောင်းပါဘူး။ ဒါကြောင့် နံပါတ်နှစ် ဖြစ်နေတာပါ။ ဒီတော့ ဆုဖလားမရတာကြာနေတဲ့ အခြေအနေမှာ သူ့ကို ကစားခိုင်းဖို့ ဆုံးဖြတ်မှာလား။ အာတေတာအနေနဲ့ ဒါကို တာဝန်ယူရမှာဖြစ်ပြီး သူ အမှားအကြီးကြီး ကျူးလွန်ခဲ့တာပါ'' လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ပထမဂိုးသမား ဒွန်နာရမ်မာကို အသုံးမပြုဘဲ လိဂ်ဖလားပြိုင်ပွဲမှာ တောက်လျှောက်အသုံးပြုခဲ့တဲ့ ဒုတိယဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကိုပဲ အခွင့်အရေးပေးခဲ့ပေမဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ကတော့ ပထမပိုင်းမှာ ကာကွယ်မှု(၃)ကြိမ်ပြုလုပ်ပြီး လက်စွမ်းပြခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ စပိန်ဂိုးသမား ကယ်ပါကို ၂၀၂၅ နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ပေါင်(၅)သန်းနဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။















