ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ပိုင်းခြားမသုံးနိုင်သည့်အတွက် တကယ်တမ်း ပြည်သူများ၏ဆန္ဒ ဖြစ်ပေါ်မလာခဲ့ရကြောင်းနှင့် ယခုအခါ လွှတ်တော်များ ပေါ်ပေါက်လာပြီဖြစ်သဖြင့် ပြည်သူအများစု နှစ်ခြိုက်ကြသည့်သဘောရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက သုံးသပ်ပြောကြားသည်။
မတ် ၂၀ ရက်က ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၌ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် မီဒီယာများနှင့် ပထမဆုံးလက်ခံတွေ့ဆုံစဉ် ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ပထမအကြိမ်လွှတ်တော်ကတော့ ၂၀၁၀-၂၀၁၅ ပေါ့။ ၂၀၁၅ ကနေ ၂၀၂၀ ထိကျတော့ ဒုတိယအကြိမ်လွှတ်တော်ပေါ့။ ၂၀၂၀ နောက်ပိုင်းကျတော့ မဲမသမာမှုတွေကြောင့် လွှတ်တော်က ပေါ်ပေါက်မလာဘူး။ ပေါ်ပေါက်မလာတဲ့အတွက်ကြောင့် ဘာပဲပြောပြော ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဟာ တစ်ခုနဲ့တစ်ခု ပိုင်းခြားသုံးသပ်ပြီး အချင်းချင်းအပြန်အလှန်ထိန်းညှိဖို့ဆိုတဲ့ကိစ္စတွေက ဖြစ်မလာဘူးပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ကာလုံရဲ့ အနေအထားအရ တာဝန်ပေးတဲ့အခါကျတော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟာ တစ်ခုနဲ့တစ်ခု ပိုင်းခြားမသုံးနိုင်တဲ့အတွက်ကြောင့် တကယ်တမ်း ပြည်သူလူထုရဲ့ဆန္ဒတွေက ဖြစ်ပေါ်မလာဘူး။ ဒီနေ့ လွှတ်တော်ကြီးဖြစ်ပေါ်လာတဲ့အတွက်ကြောင့် နံပါတ် (၁) ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်ကပဲ ဆောင်ရွက်ရမယ်၊ အုပ်ချုပ်ရေးမဏ္ဍိုင်သည် သမ္မတစနစ်က ဆောင်ရွက်ရမယ်၊ တရားစီရင်ရေးကလည်း ပြည်ထောင်စုတရားသူကြီးချုပ်က လုပ်ရမယ်ဆိုပြီးတော့ တစ်ခုခုက အပြန်အလှန်ထိန်းညှိတဲ့အတွက်ကြောင့် လွှတ်တော်ပေါ်လာတဲ့အတွက် ပြည်သူအများစုကတော့ တော်တော်များများလေး နှစ်ခြိုက်ကြတဲ့သဘောရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။
ယခုအခါ ပြည်ထောင်စုနှင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်အကြီးအကဲများလည်း ပေါ်ပေါက်လာပြီဖြစ်သဖြင့် နိုင်ငံ၏ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုသည့် ဒီမိုကရေစီစနစ်လမ်းကြောင်းကို ပီပီပြင်ပြင်သွားလို့ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လုပ်ငန်းပိုင်းတွေကလည်း အစိုးရတစ်ရပ်တည်းနဲ့ မဏ္ဍိုင်ကြီးသုံးရပ်ကို ယူတဲ့အခါကျတော့လည်း ပြောရရင် မနိုင်မနင်းတွေ ဖြစ်ကြရတာပေါ့နော်။ အခုကတော့ သီးခြားလုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ လွှတ်တော်ပိုင်း ဥပဒေပြုရေးမဏ္ဍိုင်က ဥပဒေကိစ္စတွေ ဆောင်ရွက်ကြရမယ်၊ ဥပဒေကိစ္စတွေ လေ့လာဆောင်ရွက်မယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကလည်း သွားကြမယ်ဆိုရင် နိုင်ငံရဲ့ တိုးတက်မှုတွေက ဘယ်လိုပဲပြောပြော တစ်နိုင်တစ်ပိုင်နဲ့ ဆောင်ရွက်လို့ရမယ့်သဘောဖြစ်တယ်။ ၁၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေ ပေါ်လာတယ်။ ၁၈ ရက်နေ့မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေ ပေါ်လာတယ်။ ဒီနေ့ကတော့ တိုင်းနဲ့ပြည်နယ် အားလုံး ၁၄ ခုမှာ ဥက္ကဋ္ဌ ၁၄ ယောက်နဲ့ ဒုတိယဥက္ကဋ္ဌ ၁၄ ယောက်ပေါ်လာပြီဆိုတဲ့အတွက်ကြောင့် ဘယ်လိုပဲပြောပြော ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ ဒီမိုကရေစီသွားတဲ့စနစ်လမ်းကြောင်းကို ကျွန်တော်တို့ပီပီပြင်ပြင်သွားလို့ရမှာဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
မကြာမီ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များလည်း ပေါ်ထွန်းကာ နိုင်ငံ၏ စာမျက်နှာသစ်ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်းလည်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။















