မန်စီးတီးအသင်းကနေ နည်းပြ ဂွါဒီယိုလာ ထွက်ခွာခဲ့ပါက အစားထိုးဝင်ရောက်နိုင်ခြေရှိသူအဖြစ် ထင်ကြေးပေးခံထားရတဲ့ ဂျီရိုနာနည်းပြ မစ်ချဲလ်က မိမိအနေနဲ့ ဘယ်အသင်းကိုမဆို ကိုင်တွယ်ဖို့အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။
ကစားသမားဘဝက ဗယ်လက်ကာနိုအသင်းမှာ အများဆုံးကစားခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်း မစ်ချဲလ်ဟာ နည်းပြဘဝကိုလည်း ဗယ်လက်ကာနိုလူငယ်အသင်းမှာ အစပြုခဲ့ပြီး ဟူဆကာအသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။
ဗယ်လက်ကာနိုနဲ့ ဟူဆကာအသင်းတို့ကို ဆီဂန်ဒါကနေ လာလီဂါကို ချန်ပီယံအဖြစ် တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ်မှာ ဂျီရိုနာအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဂျီရိုနာအသင်းကိုလည်း ပထမဆုံးရာသီမှာပဲ Play-offs ကတစ်ဆင့် တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လာလီဂါကို ရောက်ရှိလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အဆင့် ၃ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် စောင့်ကြည့်ခံနည်းပြတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဂျီရိုနာအသင်းဟာ မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားတဲ့ City Football Group က ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူတွေက ဂွါဒီယိုလာနဲ့ လမ်းခွဲခဲ့ပါက အစားထိုးဖို့ ရည်ရွယ်ထားတဲ့ နည်းပြစာရင်းထဲမှာ မစ်ချဲလ်လည်း ပါဝင်နေကြောင်း ထင်ကြေးပေးနေကြတာပါ။
အဲဒီအခြေအနေအတွက် ၎င်းကို မေးမြန်းခဲ့ရာ ''ကျွန်တော်ကတော့ အသင့်ပါပဲ။ ကျွန်တော့်အနေနဲ့ ဘယ်အသင်းကိုမဆို ကိုင်တွယ်ဖို့ အသင့်ဖြစ်နေပြီလို့ ယူဆပါတယ်။ သူတို့(မန်စီးတီး)က ဒီလို မြင်ရဲ့လားဆိုတာတော့ ကျွန်တော် မသိပါ ဘူး။ ပတ်ဝန်းကျင်အခြေအနေချင်း မတူညီတာတော့ သိသာပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အံဝင်ခွင်ကျဖြစ်နိုင်တဲ့ အရည်အသွေးရှိပါတယ်။ ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်''လို့ မစ်ချဲလ်က ပြောကြားခဲ့ပါတယ်။















