■ LNG ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားများကို ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း ပြုလုပ်မည် မဟုတ်
သုံးစွဲမှုမြင့်တက်လာသဖြင့် လျှပ်စစ်မီးကို အချို့နေရာ၊ အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကထုတ်ပြန်သည်။
တနေ့တာပျှမ်းမျှဓာတ်အားလိုအပ်ချက်မှာ ၄၆၆၀ မဂ္ဂါဝပ်ရှိပြီး ပြည့်ဝစွာဖြန့်ဖြူးဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ သို့သော်လက်ရှိတွင် အဓိက ဓာတ်အားလိုင်းအချို့ ဖျက်စီးခံရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှတ်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သည့် ၃၆၀၀ မဂ္ဂါဝပ်ကို ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
လက်ရှိတွင် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ဆည်မြောင်းမှ စုဆောင်းထားရှိသည့် ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးရမည့်အချိန်ဖြစ်သော်လည်း တက္ကသိူလ်ဝင်စာမေးပွဲကျင်းပချိန်များအတွင်း ကျောင်းသားကျောင်းသူများ ညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများ လျှပ်စစ်ဓာတ်အား စဥ်ဆက်မပြတ်ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်် ဖြန့်ဖြူးပေးခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။
စာမေးပွဲပြီးစီးသွားသည့်အချိန်မှစတင်ပြီး နွေရာသီမှ ဇွန်လအထိ စဥ်ဆက်မပြတ် ဓာတ်အားမျှတစွာ ဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိတွင် ရာသီဥတုပူပြင်းလာသည့်အချိန်တွင် ဓာတ်အားသုံးစွဲမှုမြင့်တက်လာ ခြင်းကို ထိန်းသိမ်းနိုင်ရန် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ၊ အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်းအစီအစဥ်ကို မတ် ၁၈ ရက်မှစတင်ပြီးပြုလုပ်မည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
LNG သုံးဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားများကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း မပြုလုပ်ဘဲ စဥ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးပေးမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း ဆောင်ရွက်ရမှုအပေါ် နားလည်ခွင့်လွှတ်ပေးရန်နှင့် ဓာတ်အားကို ချွေတာသုံးစွဲပေးရန် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။















