ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် တစ်ရက်လျှင် ယာဉ်အမျိုးအစားအလိုက် စက်သုံးဆီများ လီတာသတ်မှတ် ရောင်းချကြောင်း သိရသည်။
စက်သုံးဆီဆိုင်များတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားချက်ဖြင့် လီတာအလိုက် သတ်မှတ်ရောင်းချသည့် ဆိုင်းဘုတ်ကို ပြသထားကြောင်း သိရသည်။
ပြသထားသည့် ဆိုင်းဘုတ်တွင် Ron 92/Ron 95 စက်သုံးဆီကို တစ်ရက်လျှင် ဆိုင်ကယ်များအတွက် သုံးလီတာ၊ သုံးဘီး/အိုးဝေများအတွက် ငါးလီတာ၊ အိမ်စီးကား/Taxi များအတွက် ၁၅ လီတာ ရောင်းချပေးကြောင်း သိရသည်။
အလားတူ HSD/PD ကို အိမ်စီးကားနှင့် Light Truck ယာဉ်များအတွက် ၂၅ လီတာ၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကားများအတွက် လီတာ ၅၀၊ ကုန်တင်တွဲကားကြီးများအတွက် လီတာ ၁၅၀ ရောင်းချပေးကြောင်း သိရသည်။
ရောင်းချပေးမှုနှင့်ပတ်သက်၍ စက်သုံးဆီဆိုင် တာဝန်ရှိသူတစ်ဦးက “တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဆိုင်းဘုတ်မှာပါတဲ့အတိုင်း တစ်ရက်ကို ဘယ်နလီတာဆိုပြီး ရောင်းချပေးနေပါတယ်” ဟု ပြောကြားသည်။
Barcode ဖတ်မရသည့် ယာဉ်များ စက်သုံးဆီအရောင်းဆိုင်များတွင် အချက်အလက်များကို ဖြည့်သွင်းပြီး စက်သုံးဆီဝယ်ယူရန်အတွက်သာ QR Code များထုတ်ပေးမည်ဖြစ်ကြောင်း၊ ခရီးဝေးသွားလာသည့် ကိုယ်ပိုင်ယာဉ်များ စက်သုံးဆီဖြည့်လိုပါက Scan ထပ်မံဖတ်ရန်မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီဝယ်ယူထားသည့် ငွေရှင်းပြေစာ ပြသ၍ အဝေးပြေးလမ်းမကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။















