ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ဗုံးသီးဟောင်း တစ်လုံးကို ကလေးငယ်နှစ်ဦးက တွေ့ရှိပြီး ခဲဖြင့်ထုရိုက်သဖြင့် ပေါက်ကွဲကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
၂၀၂၆ ခုနှစ် မတ် ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာနေ မောင်ယောဟန်ထောင်ထာထန် (၁၂) နှစ်နှင့် မောင်အာဂွန်ချန်ထှာရွှေ (၈) နှစ်တို့သည် ကျေးရွာအနောက်ဘက်ရှိ ငါးကန်သို့ ရေကူးရန် သွားရောက်စဉ် ငါးကန်အနီးအရောက်၌ ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိရသဖြင့် မောင်ယောဟန်ထောင်ထာထန်မှ ခဲဖြင့် ထုရိုက်ခဲ့သဖြင့် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် မောင်ယောဟန်ထောင်ထာထန်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အနီးတွင်ရှိနေသည့် မောင်အာဂွန်ချန်ထှာရွှေတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။















