ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် မိုးရွာသွန်းနေပြီး အချို့နေရာများတွင် မိုးသီးပါကြွေနေသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောကြားသည်။
မတ် ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ကာ မြို့နယ်အချို့တွင် လေပြင်းများတိုက်ခတ်လာပြီး မိုးများရွာသွန်းခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
“အလုံဘက်မှာ လေပြင်းတွေလည်းတိုက်တယ်။ မိုးလည်းရွာနေတယ်” ဟု အလုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ ပုဇွန်ထောင်၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်စသည့် မြို့နယ်များတွင်လည်း မိုးများရွာသွန်းနေသည်ဟု သိရသည်။
“ရန်ကုန်မှာ လေရော မိုးရောကောင်းနေပါတယ်။ မိုးသီးတွေပါကြွေတယ်၊ အပြင်ထွက်ရတဲ့မိတ်ဆွေတွေ ဂရုစိုက်ကြပါရှင်” ဟု မော်တော်ယာဉ်လိုင်စင်များ ပြုလုပ်ရာတွင် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းတစ်ခုက လူမှုကွန်ရက်တွင် အသိပေးထားသည်။
တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေစီးကြောင်းရွေ့လျားတိုက်ခတ်မှုနှင့်အတူ ထိုင်နိုင်ငံဘက်မှဝင်ရောက်လာသည့် မိုးတိမ်များနှင့် မြန်မာနိုင်ငံတောင်ဘက်မှဝင်ရောက်လာသည့် မိုးတိမ်များကြောင့် မြန်မာနိုင်ငံအတွင်း မတ် ၁၂ ရက် မှ မတ် ၁၆ ရက်အထိ မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်/မြောက်/အရှေ့) ဒေသတွေမှာ မိုးများနိုင်ကြောင်း၊ ကုန်းတွင်းမှ အပူရှိန်ကြောင့် ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးအုံ့ခြင်း၊ မိုးဖွဲကျခြင်းနှင့် နေရာကွက်၍မိုးအနည်းငယ်ကျနိုင်ခြင်းများရှိပြီး မိုးမများနိုင်သော်လည်း စိုက်ဆင်းလေပြင်းကျတတ်ခြင်းနှင့် မိုးသီးကြွေခြင်းများကို သတိပြုရန်လိုအပ်ကာ ရေကြီးနိုင်သည့်အခြေအနေမရှိ၍ စိုးရိမ်စရာမလိုကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က အသိပေးထားသည်။















