လောင်စာဆီအခက်အခဲများကြောင့်မလိုလားအပ်ဘဲ လောင်စာဆီသုံးစွဲနေမှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင် ရေး အခြားနိုင်ငံများနည်းတူ နည်းလမ်းရှာ၍ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော် အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းအား ယနေ့(မတ် ၁၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ယာယီသမ္မတ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာစေရေး ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် စက်သုံးဆီကိစ္စအား ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယာယီသမ္မတက ပို့ဆောင်ရေးနှင့်ပတ်သက်၍ မိမိအနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ် Public Transportation ကို ပိုမိုအားပေးဆောင်ရွက်ခဲ့ကြောင်း၊ တိုးတက်လျက်ရှိသည့် နိုင်ငံများတွင်လည်း မီးရထားအပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်သည့်လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြကြောင်း၊ မိမိတို့အစိုးရတာဝန်ယူစဉ်ကာလအတွင်း ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာခရီးသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စွာဖြင့် ဆောင်ရွက်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိပြီး ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် မီးရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်မှုအား မိမိတို့အစိုးရလက်ထက်တွင် နိုင်ငံတော်ဘက်ဂျက်များဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရထားလမ်းပြေးဆွဲမှုများ ပိုမိုတိုးတက်ကောင်းမွန်လာပြီး အလားတူ မီးရထားများ၏ အမြန်နှုန်းကို ကီလိုမီတာ ၁၀၀ အထိမောင်းနှင်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များမှတဆင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရေးအတွက် ပုသိမ်၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ ညောင်ဦး၊ ထားဝယ်၊ မြိတ် လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။
ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ချိန်တွင် EV ကားများ အသုံးပြုရန်အတွက် တိုက်တွန်းခဲ့သကဲ့သို့ လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ခဲ့ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် နိုင်ငံတကာအရေးအခင်းများကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံ၌လည်း လောင်စာဆီများ အခက်အခဲဖြစ်ပေါ်လျက်ရှိချိန်တွင် လျှပ်စစ်စွမ်းအင်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များ၏ အခန်းကဏ္ဍသည် မြင့်တက်လာနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လောင်စာဆီအခက်အခဲများကြောင့် မိမိတို့အနေဖြင့် မလိုလားအပ်ဘဲ လောင်စာဆီသုံးစွဲနေမှုများအား အတတ်နိုင်ဆုံးလျှော့ချနိုင်ရေး အခြားနိုင်ငံများနည်းတူ နည်းလမ်းရှာ၍ ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း ယာယီသမ္မတကပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့်တက်ရောက်ကြကြောင်း သိရသည်။















