ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(YRO)မှ အဖွဲ့ဝင်အင်အား နှစ်ရာကျော်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးတွင် မတ် ၈ ရက်၊ နံနက်ပိုင်းမှ စတင်ကာ သန့်ရှင်းရေး လုပ်အားပေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ် ၈ ရက်၊ နံနက် ၈ နာရီမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(YRO)ရှိ ပရဟိတလူမှုကူညီရေးအသင်းများမှ Volunteer အင်အား နှစ်ရာကျော်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ဆေးရုံအတွင်းရှိ မြောင်းများအား တူးဖော်ခြင်း၊ ဆေးရုံအတွင်းရှိ သန့်စင်ခန်းများအား သန့်ရှင်ရေးပြုလုပ်ခြင်း၊ မြက်ခြုံပုတ်များအား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
"ဆေးရုံအုပ်ကြီးရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ YRO က ဦးဆောင်ပြီး ပရဟိတအဖွဲ့တွေက စုပေါင်းပြီး ဆေးရုံအတွင်းအပြင် သန့်ရှင်းရေးကို တပ်ဖွဲ့ဝင်နှစ်ရာကျော်နဲ့ ဆောင်ရွက်ခဲ့တာပါ။ဆေးရုံပတ်လည်မှာရှိတဲ့ ရေမြောင်းတွေကို တူးဖော်တယ်။ပြီးတော့ ရေစီးရေလာကောင်းအောင် ရေသယ်ယာဉ်က ရေပိုက်တွေနဲ့ မြောင်းတွေကို ဖော်တယ်။ပြီးတော့ ခြုံတွေ မြက်တွေကို ရှင်းလင်းပေးတယ်။ဆေးရုံအုပ်ကြီးနဲ့ အတူတူလက်တွဲ ဆောင်ရွက်ဖို့ သဘောတူထားတဲ့ထဲက ပထမဆုံးအချက်ကို အရင်ဆောင်ရွက်တာပါ။တစ်ပတ်ကို တစ်ရက်ဆောင်ရွက်သွားမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(YRO)မှ ဒုဥက္ကဋ္ဌ ဦးမိုးငြိမ်းက ပြောကြားသည်။
ဆေးရုံသို့ လာရောက်သည့် အများပြည်သူများ ကျန်းမာရေးအတွက် ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများ သန့်ရှင်းသပ်ရပ်စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးမှာ ရန်ကုန်တိုင်းဒေသကြီးလူမှုကူညီကယ်ဆယ်ရေး အဖွဲ့(YRO)၏ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း သိရသည်။
ရှင်သန်ရေးကူညီမှုအသင်းမှ ရေဘောက်ဆာယာဉ်တစ်စီး၊ ဝန်းရံမှုး လူမှုကူညီရေးအသင်းမှ ရေဘောက်ဆာယာဉ်တစ်စီး၊ ထာဝရအလင်းတန်းပရဟိတအသင်းမှ ရေဘောက်ဆာယာဉ်တစ်စီးနှင့် ၇ ရက်သားသမီးများ ပရဟိတအဖွဲ့မှ ရေဘောက်ဆာယာဉ်တစ်စီးဖြင့် ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြောင်း သိရသည်။
■ဓာတ်ပုံ - သီဟအောင်၊ ပိုင်စိုးသူ















