■ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့် နီကာရာဂွါနိုင်ငံ သံအမတ်ကြီးတို့က ၎င်းတို့၏သံအမတ်ခန့်လွှာများကို သီးခြားစီပေးအပ်

■ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့် နီကာရာဂွါနိုင်ငံ သံအမတ်ကြီးတို့က ၎င်းတို့၏သံအမတ်ခန့်လွှာများကို သီးခြားစီပေးအပ်
Published 5 March 2026

နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed M Al Howishan နှင့် နီကာရာဂွါ သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia တို့က ယနေ့(မတ် ၅ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို သီးခြားစီ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲတွင် ယာယီသမ္မတနှင့် ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံတို့အကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူဆောင်ရွက်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမို တိုးတက်အောင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အလားတူ ယာယီသမ္မတနှင့် နီကာရာဂွါနိုင်ငံ သံအမတ်ကြီးတို့သည်  နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုများနှင့် စီးပွားရေးကဏ္ဍဍ၊ ယဉ်ကျေးမှုကဏ္ဍဍ၊ ခရီးသွားလာမှုကဏ္ဍဍနှင့် အခြားကဏ္ဍဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နီကာရာဂွါနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြားလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နယ်ပယ်ပေါင်းစုံတွင် မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် မြန်မာနိုင်ငံဆိုင်ရာနီကာရာဂွါနိုင်ငံ သံအမတ်ကြီးအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာရောက်လေ့လာခဲ့မှုအခြေအနေများ၊  ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ပြည်သူများအနေဖြင့် အားတက်သရော ပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး ယခုအချိန်အထိ အဆိုပါရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြီးမားသည့်ကန့်ကွက်မှုများမရှိခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ မကြာမီကာလအတွင်း လွှတ်တော်ကျင်းပဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့အကြား  ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

သံအမတ်ခန့်အပ်လွှာများပေးအပ်ပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent