အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လုပ်ကြံရန် ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သည့် အီရန်အရာရှိတစ်ဦးကို အမေရိကန်စစ်တပ်က သုတ်သင်ရှင်းလင်းခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
"အီရန်ဟာ သမ္မတ ထရန့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ သမ္မတ ထရမ့်ကပဲ နောက်ဆုံးမှာ အနိုင်ရခဲ့ပါတယ်" ဟု ဟက်ဆက်က ပင်တဂွန်စစ်ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အီရန်သည် သမ္မတ ထရန့် သို့မဟုတ် အခြားအမေရိကန် အရာရှိများကို သတ်ဖြတ်ရန် ရည်ရွယ်ချက်များရှိနေသည်ကို အမေရိကန်က အချိန်အတော်ကြာကတည်းက သိရှိထားကြောင်း ၎င်းက ဆိုသည်။
ထရန့်ကို လုပ်ကြံရန် ကြိုးပမ်းမှုနောက်ကွယ်တွင် ရှိနေသူများကို ပစ်မှတ်ထားခြင်းမှာ အမေရိကန် စစ်ဆင်ရေးများ၏ အဓိက အာရုံစိုက်မှုမဟုတ်ကြောင်း၊ သမ္မတထရန့်ကိုယ်တိုင်လည်း ထိုကိစ္စကို ရေးကြီးခွင်ကျယ် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြောင်း ဟက်ဆက်က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါ လုပ်ကြံရန် ခြိမ်းခြောက်မှုသည် သမ္မတအနေဖြင့် အီရန်အပေါ် စစ်ပွဲစတင်ရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းများထဲမှ တစ်ချက်ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဟက်ဆက်က ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"အဲဒီလုပ်ရပ်အတွက် တာဝန်ရှိတဲ့သူတွေကို တိုက်ခိုက်မယ့် ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းဖို့ကျွန်တော်နဲ့ တခြားသူတွေက သေသေချာချာ လုပ်ဆောင်ခဲ့ပါတယ်" ဟု ဟက်ဆက်က ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို ဖြည့်စွက်ပြောကြားခဲ့ခြင်းမရှိပေ။
၂၀၂၀ ပြည့်နှစ်က အီရတ်နိုင်ငံတွင် သမ္မတထရန့်၏ အမိန့်ဖြင့် အီရန်ဗိုလ်ချုပ်ကြီး ကက်ဆမ် ဆိုလေမာနီကို ဒရုန်းဖြင့် လုပ်ကြံခဲ့ပြီးနောက် ယင်းဗိုလ်ချုပ်ကြီး သေဆုံးမှုအတွက် လက်စားချေရန် အီရန်က ထရန့်ကို ပြန်လည်လုပ်ကြံရန် ကြိုးပမ်းနေသည်ဟု အမေရိကန်အရာရှိများက ယခင်ကတည်းက စွပ်စွဲခဲ့ကြသည်။
Ref:AFP














