အာဆင်နယ်နည်းပြ အာတေတာက ချယ်လ်ဆီးနဲ့ပွဲမှာ နှလုံးခုန်ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဂိုးသမားဒေးဗစ်ရာယာက ကယ်တင်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)မှာ အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား နက်တို မိနစ်(၇၀)မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်းက ချေပဂိုးရနိုင်တဲ့ အခွင့်အရေးရခဲ့ပြီး နာကျင်အချိန်ပိုမှာ ဂါနာချိုရဲ့ ကန်ချက်ကို ရာယာက ကာကွယ်နိုင်ခဲ့တာကြောင့် နှလုံးခုန်ရပ်တန့်လုနီးပါးဖြစ်ခဲ့ကြောင်း အာတေတာက ပြောကြားခဲ့တာပါ။
'' ဒေးဗစ်က ကျွန်တော်တို့ရဲ့ ဦးဆောင်သူတွေထဲက တစ်ယောက်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူက ပွဲကို ဘယ်လိုအာရုံစိုက်ရမလဲဆိုတာ ကောင်းကောင်းနားလည်တဲ့ ဂိုးသမားတစ်ယောက်ဖြစ်ပြီး ပွဲကို အဆုံးအဖြတ်ပေးနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကန်ချက်က မယုံနိုင်စရာကောင်းပြီး ကျွန်တော် နှလုံးခုန်ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ(ရာယာ)က ကယ်တင်ပေးခဲ့ပါတယ်။ ဒီကာကွယ်မှုက အရမ်းကို ကောင်းလွန်းပါတယ်'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ထောင့်ကန်ဘောကနေ (၂)ဂိုးစလုံး သွင်းယူခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောကသွင်းယူတဲ့ဂိုး (၁၆)ဂိုး ရှိသွားခဲ့ပြီး ၁၉၉၂-၉၃ ရာသီက အိုးလ်ဟမ်း၊ ၂၀၁၆-၁၇ ရာသီက ဝက်စ်ဘရွန်းတို့ရဲ့ ထောင့်ကန်ဘောက ဂိုးအများဆုံးသွင်းယူတဲ့စံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။















