အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများ ဖြစ်ပွားနေသဖြင့် ယင်းနိုင်ငံများတွင် နေထိုင်သည့်မြန်မာလုပ်သားအချို့ သတိပြုနေထိုင်ကြရန် မြန်မာသံရုံးအချို့ သတိပေး

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများ ဖြစ်ပွားနေသဖြင့် ယင်းနိုင်ငံများတွင် နေထိုင်သည့်မြန်မာလုပ်သားအချို့ သတိပြုနေထိုင်ကြရန် မြန်မာသံရုံးအချို့ သတိပေး
Published 1 March 2026

Update News

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများ ဖြစ်ပွားနေသဖြင့် ယင်းနိုင်ငံများတွင် နေထိုင်သည့်မြန်မာလုပ်သားအချို့ သတိပြုနေထိုင်ကြရန် မြန်မာသံရုံးအချို့က သတိပေးထားသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးနိုင်ငံက အီရန်နိုင်ငံကို လေကြောင်းဖြင့် တိုက်ခိုက်မှုအပြီးတွင် အီရန်နိုင်ငံဘက်ကလည်း အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေး၊ ကာတာ၊ ဆော်ဒီ၊ ကူဝိတ် အစရှိသည့်နိုင်ငံများရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို မစ်ဇိုင်းများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်မှုများ ဖြစ်ပွားလာချိန်တွင် မြန်မာသံရုံးအချို့က သတိပေးညွန်ကြားချက်များ ထုတ်ပြန်လာ ခြင်း ဖြစ်သည်။

အစ္စရေးနိုင်ငံ တဲအဗစ်မြို့ရှိ မြန်မာသံရုံးက မြန်မာနိုင်ငံသားများအနေဖြင့် အစ္စရေး Home Front Command ၏ အရေးပေါ် အချက်ပေးသံများနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များကို အချိန်နှင့် တပြေးညီ လိုက်နာနေထိုင်ရန်အရေးကြီးကြောင်း၊ အကူအညီလိုအပ်ပါက မြန်မာသံရုံး၏ Hot line  +၉၇၂၅၈၄၀၈၁၃၄၇ နှင့်  အီးမေးလ် myanmembtelaviv@gmail.comကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေး Home Front Command က ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက်အထိ လူစုလူဝေးမလုပ်ရန်၊ အလုပ်နှင့် ကျောင်းများ ပိတ်ထားရန် ကြေညာထားသည်။

အလားတူ ကူဝိတ်ရှိ မြန်မာသံရုံးကလည်း မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ အရေးကြီး စာရွက်စာတမ်း၊ ရေနှင့် အစားအစာ၊ ဖုန်း၊ ဆေးဝါး၊ power bank၊ အဝတ်အစားနှင့်ကိုယ်ပိုင်အသုံးအဆောင် များ စုစည်းပြင်ဆင်ထားရန်၊ မလိုအပ်ဘဲ ခရီးမသွားကြရန် အရေးပေါ်သတိပေးထားသည်။

ထို့ပြင် အလုပ်ချိန်အတွင်း လုပ်ငန်းခွင်အတွင်း ထုတ်ပြန်ထားသည့် အရေးပေါ် လုံခြုံရေးအချက်များကို လိုက်နာကြရန်လည်း ထုတ်ပြန်ထားသည်။

Most Read

Most Recent