■ ရတနာပုံမြို့သစ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် လိုအပ်ချက်များကိုအကောင်အထည် ဖော် အဆင့်မြှင့်တင်ပေးရမည်ဖြစ်ပြီး ရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်ရန် လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းချမှတ်ပေးရမည်ဟု ယာယီသမ္မတ ပြောကြား
ရတနာပုံမြို့သစ်တွင် ကျင်းပသည့် Digital မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအား ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်တွင် ကျင်းပသည့် Digital မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအား ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
" ရတနာပုံမြို့သစ်စီမံကိန်းဟာ အစပိုင်းမှာ လုပ်ငန်းတွေ လည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လိုအပ်ချက်တချို့ကြောင့် မျှော်မှန်းသလောက် မအောင်မြင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့်လည်း ယနေ့တိုင် မြန်မာနိုင်ငံရဲ့ Silicon Valley အဖြစ်၊ နည်းပညာကဏ္ဍရဲ့ သင်္ကေတတစ်ခုအဖြစ် ရှင်သန်လည်ပတ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ဖြည့်ဆည်းပြင်ဆင်ပြီး ရတနာပုံမြို့သစ်ကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့ လိုပါတယ်။ ရတနာပုံမြို့သစ်မှာ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံ တွေနဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော် အဆင့်မြှင့်တင်ပေးရပါမယ်။ ရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်ဖို့ လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းချမှတ်ပေးရမယ်။ အဓိကအနေနဲ့က တော့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားအကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ရတနာပုံမြို့သစ်ကို မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးသော အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာဒေသတစ်ခုအဖြစ် ရည်ရွယ်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရတနာပုံမြို့သစ် စီမံကိန်းကို ၂၀၀၆ ခုနှစ် ဇွန်လတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စုစုပေါင်းဧရိယာ ဧက တစ်သောင်းကျော် ကျယ်ဝန်းပြီး တောင်ကုန်း တောင်တန်းများကြား၌ စနစ်တကျ မြို့ကွက်ဖော် တည်ဆောက် ထားခြင်းဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ရတနာပုံမြို့သစ်ကို တည်ဆောက်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာကုမ္ပဏီများကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်၊ မြန်မာ့နည်းပညာရှင်များအတွက် သုတေသနနဲ့ တီထွင်ဖန်တီးမှုများပြုလုပ်နိုင်မယ့် အချက်အချာ နေရာတစ်ခုဖြစ်လာစေရန်ဆိုတဲ့ ရည်ရွယ်ချက် (၃)ခုနဲ့ တည်ထောင်ခဲ့ပါတယ်။ ရတနာပုံမြို့သစ်မှာ မြန်မာနိုင်ငံရဲ့ အဓိက အင်တာနက်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုဗဟိုဌာနတစ်ခုကို Yatanarpon Teleport က တည်ဆောက်ခဲ့ပါတယ်။ အိုင်တီလုပ်ငန်းသစ် (Startups) တွေနဲ့ ဆော့ဖ်ဝဲရေးသားတဲ့ ကုမ္ပဏီတွေအတွက် ရုံးခန်းတွေ၊ Incubation Center တွေ၊ Education Zone ဖြစ်တဲ့ နည်းပညာတက္ကသိုလ်များနဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ ထည့်သွင်းဖို့ လျာထားခဲ့ပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် High-Tech Zone အဖြစ် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေမယ့် Soft-Based Factory Zone ကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်" ဟု ပြောကြားသည်။
ရတနာပုံမြို့သစ်သည် မန္တလေးမြို့၏ အပူပိုင်းရာသီဥတုနှင့် ပြင်ဦးလွင်မြို့၏ အအေးပိုင်းရာသီဥတုအကြား၌ တည်ရှိခြင်းကြောင့် အိုင်တီလုပ်ငန်းများအတွက် သင့်တော်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပါကြောင်း၊ ထို့အပြင် စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် အနားယူအပန်းဖြေရာ မြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့အနီး၌ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်ခြင်း၊ သင့်တင့်မျှတသည့် ရာသီဥတုနှင့် ပတ်ဝန်းကျင်တို့ကြောင့် အစစအရာရာ သင့်တော် ကောင်းမွန်အဆင်ပြေသည့် နေရာတစ်ခုဖြစ်သည်တွေ့ရမည် ဖြစ်ပါကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ထို့ပြင် ရတနာပုံမြို့သစ်၏ အနီးဝန်းကျင်တွင်ရှိသည့် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးမြို့ အနီးပတ်ဝန်းကျင်ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသည် လူ့စွမ်းအားအရင်း အမြစ်များကို Internship အလုပ်သင်အနေနှင့် သုတေသနပြုလုပ် ရယူအသုံးပြုနိုင်ပြီး မြေတောင်မြှောက်ပေးနိုင်သည့် အားသာချက်တစ်ခုအနေနှင့် ရှိနေပါကြောင်း၊ မိမိတို့အနေနှင့် ASEAN Digital Master Plan ရည်မှန်းချက်တွေဖြစ်သည့် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်အသိုက်အဝန်း (Inclusive Digital Community) ၊ ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်ဂေဟစနစ် (Trusted Digital Ecosystem) ၊ ဆန်းသစ် တီထွင်မှုရှိသော ဒစ်ဂျစ်တယ်စီးပွားရေး (Innovative Digital Economy) ၊ အနာဂတ်အတွက် အသင့်ဖြစ်သော ကျွမ်းကျင်လုပ်သားများ (Future-Ready Workforce) ၊ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု (Sustainable Digital Transformation) တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
" ဒီလို အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ မြို့ပြနဲ့ ကျေးလက်ဒေသအားလုံး လူတိုင်းလက်လှမ်းမီနိုင်တဲ့ လူတိုင်းသုံးနိုင်ပြီး ဈေးနှုန်းချိုသာတဲ့ အင်တာနက်ချိတ်ဆက်မှု ရရှိဖို့၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းသူများအပါအဝင် ဒစ်ဂျစ်တယ် နည်းပညာကို အလွယ်တကူ အသုံးပြုနိုင်စေဖို့၊ ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ပြီး ဒေသတွင်း ဆိုက်ဘာတိုက်ခိုက်မှုများကို စုပေါင်း ကာကွယ်ဖို့၊ အွန်လိုင်းကတစ်ဆင့် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းပြီး သုံးစွဲသူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ ပတ်ဝန်း ကျင်တစ်ခု ဖန်တီးဖို့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ထို့အပြင် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကို ဒစ်ဂျစ်တယ်စနစ်နှင့် ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်၊ Artificial Intelligence (AI)ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် Al ဆိုင်ရာ ဘေးကင်းလုံခြုံမှုကွန်ရက်များ ထူထောင်ရန်၊ ဒေသတွင်းရှိ လုပ်သားထု၏ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက် သိရှိနားလည်မှုနှင့်ကျွမ်းကျင်မှုများကို မြှင့်တင်ပေးရန်၊ အဆင့်မြင့်နည်းပညာဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးရန်နှင့် လုပ်ငန်းခွင်အတွင်း နည်းပညာအသုံးချမှုကို တိုးမြှင့်ပေးရန်၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် စသည်များကိုလည်း အကောင်အထည် ဖော်သွားကြရန်လိုပါကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
၂၀၂၆ ခုနှစ်၌ ဉာဏ်ရည်တုနည်းပညာသည် အရှိန်အဟုန်နှင့် တိုးတက်နေခြင်းကြောင့် အာဆီယံနိုင်ငံများအနေနှင့် တာဝန်ယူမှုရှိသည့် ဉာဏ်ရည်တုနည်းပညာ(Responsible Al)ကို အထူးအလေးပေး ဆောင်ရွက်နေခြင်းကို တွေ့ရပါကြောင်း၊ အာဆီယံနိုင်ငံအချင်းချင်း Al ဆိုင်ရာ ကျင့်ဝတ်စံနှုန်း (Ethical Guidelines)များကို ညှိနှိုင်းပြီး ဘေးကင်းသည့် Al အသုံးချမှုကို ဖော်ဆောင်နေခြင်းကို တွေ့ရပါကြောင်း၊ ဒစ်ဂျစ်တယ်စနစ်များ တိုးတက်များပြားလာခြင်းနှင့်အမျှ အွန်လိုင်းလိမ်လည်မှုများလည်း များလာပါကြောင်း၊ ယင်းကို တိုက်ဖျက်ရန်အတွက် အာဆီယံနိုင်ငံများကြား၌ သတင်းအချက်အလက်မျှဝေခြင်း ကွန်ရက်ကို အရင်ကထက် ပိုမိုခိုင်မာအောင် တည်ဆောက်ရန် ရည်မှန်းဆောင်ရွက်နေခြင်းကိုလည်း တွေ့ရပါကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ယခုကဲ့သို့ ရတနာပုံမြို့သစ်၌ လူငယ်များ တီထွင်ဖန်တီးမှုများ၊ ပြည်တွင်း ပြည်ပ နည်းပညာကုမ္ပဏီများ၏ ခေတ်မီနည်းပညာသစ်များကို တစ်နေရာတည်းတွင် မြင်တွေ့ခွင့်ရပြီး နည်းပညာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ခွင့်ရနိုင်မည့်ပွဲကို ကျင်းပနိုင်သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲ (Digital Myanmar Forum and Exhibition) ကို “ဉာဏ်ရည်တုနည်းပညာ ခေတ် မြန်မာနိုင်ငံ၏ နည်းပညာအနာဂတ်ကို ပုံဖော်ခြင်း (Digital Myanmar: Shaping Myanmar's Digital Future in the Age of Al)" ဆိုသည့်ခေါင်းစဉ်နှင့် (၂) ရက်တိုင် ရတနာပုံမြို့သစ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ယနေ့ခေတ်သည် Digital Transformation ဟုခေါ်သည့်ဘဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုအရှိန်အဟုန်နှင့်ဘတိုးတက်နေသည့်ခေတ်ဖြစ်ပြီး မိမိတို့အနေနှင့် ယခုပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်အနေနှင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား အပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာမြှင့်တင်ရန်၊ စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးရန်နှင့် နည်းပညာဂေဟ စနစ်တစ်ခု တည်ဆောက်ရန်တို့ဖြစ်ကြောင်း သိရသည်။















