ကယားပြည်နယ် ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သော ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်သို့ ဆက်သွယ်ထားသည့် သံလွင်တံတား(ဖားဆောင်း)အား KNPP၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များက ယနေ့(ဖေဖော်ဝါရီ ၂၅ ရက်)နံနက်ပိုင်းတွင် ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက KNPP၊ KNDF နှင့် PDF သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသတစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ သောင်း ကျန်းသူများက တပ်မတော်စစ်ကြောင်းများ ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံ တိုက်ခိုက်ခြင်းများ မဆောင်ရွက်နိုင်စေရန်အတွက် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း)အား ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်းကောင်း၊ ပွန်ချောင်းတံတားအား ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်းကောင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုများကို ပြုလုပ်ခဲ့ပြီး ယခုထပ်မံ၍ သံလွင်တံတား(ဖားဆောင်း) ကို ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ KNPP၊ KNDF နှင့် PDF များက သံလွင်တံတား (ဖားဆောင်း)အား ဒုတိယအကြိမ် ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တံတား၏အနောက်ဘက် ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် P-5 နှင့် P-7 တို့အကြားတွင် အရှည် ၃၀၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
သံလွင်တံတား(ဖားဆောင်း)သည် ဖားဆောင်းမြို့အနီးရှိ သံလွင်မြစ်ကူးတံတား တစ်စင်းဖြစ်ပြီး တံတားအရှည် ၁၂၆၀ ပေ၊ တံတားအကျယ် ၂၄ ပေ၊ လူသွားလမ်း ဘယ်/ညာသုံးပေစီရှိပြီး သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်အသုံးပြုခဲ့သော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သံလွင်တံတား(ဖားဆောင်း)အား KNPP၊ KNDFနှင့် PDF များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများဖြတ်သန်း သွားလာနိုင်ခြင်းမရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများရပ်တန့်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















