■ YBS ယာဉ်မောင်းများ သတ်မှတ်ကီလိုမီတာအထက် မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးပါက ရာသက်ပန် ထုတ်ပယ်ယာဉ်မောင်းအဖြစ် သတ်မှတ်မည်

■ YBS ယာဉ်မောင်းများ သတ်မှတ်ကီလိုမီတာအထက် မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးပါက ရာသက်ပန် ထုတ်ပယ်ယာဉ်မောင်းအဖြစ် သတ်မှတ်မည်
Published 14 February 2026

YBS ယာဉ်မောင်းများ သတ်မှတ်ကီလိုမီတာအထက် မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးပါက ရာသက်ပန် ထုတ်ပယ်ယာဉ်မောင်းအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ကြီးမှူးကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးချစ်ကိုကိုက YBS ယာဉ်များ ရပ်၊ ချ၊ တင်၊ ထွက် စနစ်ကျင့်သုံးရာတွင် မှတ်တိုင်တွင် ခရီးသည်များအား အတင်အချပြုလုပ်ရာ၌ တံခါးများအား ပိတ်ပြီးမှသာ ယာဉ်ကို ထွက်ခွာစေလိုကြောင်း၊ ထိုသို့လမ်းမများပေါ် YBS ယာဉ်များအချင်းချင်း ကျော်တက်မောင်းနှင်ကြခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုမီတာအထက် မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသေဆုံးပါက ရာသက်ပန် ထုတ်ပယ်ယာဉ်မောင်းအဖြစ် သတ်မှတ်ပြီး YRTC မှ လက်တွဲဖြုတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

YRTC မှ ထုတ်ပေးသည့် YBS ယာဉ်မောင်းနှင်ခွင့်ကတ် လျှောက်ထားရာတွင် ယာဉ်ကြီးမောင်းသင်တန်း တက်ရောက်ပြီးသူများ မူးယစ်ဆေးဝါးကင်းစင်ကြောင်း စစ်ဆေးမှုအောင်မြင်ပြီးမှသာ မောင်းနှင်ခွင့်ပြုကြောင်း၊ YRTC က စောင့်ကြည့်အ‌ရေးယူရာတွင် Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူ၍ အရေးယူခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုရှိ/ မရှိတို့ကို စစ်ဆေးပြီး သက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ် အရေးယူလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

YRTC ၏ ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၁ လိုင်း၊ ယာဉ်အစီးရေ ၅၄၆၂ စီးရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၃၅၀၀ ခန့် ယာဉ်လိုင်း ၁၃၂ လိုင်းဖြင့် ခရီးသည် ၁ ဒသမ ၅ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Photo-MOI

 

Most Read

Most Recent