အိမ်ခြံမြေနှင့် ရွှေ အရောင်းအဝယ်များ ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် ငွေကြေးပမာဏထက်ကျော်လွန်ပါက သတင်းပေးပို့ရန် ညွှန်ကြားထားပြီး အိမ်ခြံမြေအရောင်းအဝယ်များက သတင်းပို့ခြင်းများရှိသော်လည်း ရွှေအရောင်းအဝယ်များမှာ ၁၀ ရာခိုင်နှုန်းပင်မရှိဟု ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က UMFCCI တွင် ပြုလုပ်သည့် အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောကြားသည်။
အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်ရွှေသတ္တုရောင်းဝယ်ရေးဆိုင်ရာကြီးကြပ်ရေးအာဏာပိုင်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။
“လတ်တလောမှာတော့ လိုက်နာမှုအားနည်းပါတယ်။ အိမ်ခြံမြေအဖွဲ့ကတော့ ရာခိုင်နှုန်းတော်တော်များများ သတင်းပို့ပါတယ်။ အဖိုးတန်သတ္တုကတော့ ၁၀ ရာခိုင်နှုန်းတောင် မရောက်ပါဘူး။ ဒါက ရန်ကုန်တိုင်းထဲမှာပေါ့။ လိုက်နာမှုက တော်တော်အားနည်းပါတယ်” ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်က ပြောကြားသည်။
အိမ်ခြံမြေအရောင်းအဝယ်များနှင့် ရွှေအရောင်းအဝယ်များတွင် သတ်မှတ်နှုန်းထားများထက် ကျော်လွန်ပါက သတင်းပေးပို့ရန် ညွှန်ကြားထားသည်ဟု သိရသည်။
“လက်ရှိ အိမ်ခြံမြေမှာတော့ ဈေးကွက်ကို ဒါတိုက်ထိန်းချုပ်လို့မရပါဘူး။ သို့သော်လည်းပဲ လက်ရှိဗဟိုဘဏ်ရဲ့ကွပ်ကဲမှုရယ်၊ သံသယဖြစ်ဖွယ် လွှဲပြောင်းမှုတွေ၊ ဗဟိုဘဏ်သတ်မှတ်နှုန်းထားထက် ကျော်လွန်တဲ့ ငွေပေချေမှုနဲ့ ပတ်သက်ပြီး အစီရင်ခံဖို့ဆောင်ရွက်ထားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး အိမ်ခြံမြေအကျိုးဆောင်များကလည်း မိမိဆောင်ရွက်လိုက်တဲ့လုပ်ငန်းစဉ်တိုင်းမှာ သတ်မှတ်နှုန်းထားထက် ကျော်လွန်တယ်ဆိုရင် သတင်းပေးပို့ဖို့ တာဝန်ရှိပါတယ်။ အလားတူပဲ အဖိုးတန်သတ္တုမှာလည်း သတ်မှတ်တဲ့ ငွေကြေး Amount ကျော်လွန်တာနဲ့ သတင်းပို့ရပါမယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ် အဲ့ဒီAmount တော့မရောက်ဖူး၊ Suspent ရှိတယ်ဆိုရင် သတင်းပေးပို့ဖို့ ညွှန်ကြားထားပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။















