ရန်ကုန်-ဒလတံတား ယာဉ်ဖြတ်သန်းခများကို ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ကောက်ခံမည်

ရန်ကုန်-ဒလတံတား ယာဉ်ဖြတ်သန်းခများကို ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ကောက်ခံမည်
Published 10 February 2026

ရန်ကုန်-ဒလတံတား ယာဉ်ဖြတ်သန်းခများကို ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ကောက်ခံမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်-ဒလတံတား ယာဉ်ဖြတ်သန်းခများကို ဖေဖော်ဝါရီ ၁၁ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအထိ အခမဲ့ဖြတ်သန်းခွင့်ပြုပြီး ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ယာဉ်အုပ်စု လေးမျိုးခွဲကာ သတ်မှတ်နှုန်းထားအတိုင်း ယာဉ်ဖြတ်သန်းခ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်အမျိုးအစားအလိုက် ကောက်ခံမည့် ဖြတ်သန်းခများမှာ အိမ်စီးကား ၃ တန်အောက် ယာဉ်များအတွက် ကျပ် ၅၀၀၊ ခရီးသည်တင်ယာဉ်ငယ် ကန်ဒါ၊ လိုက်ထရပ်နှင့် ဒိုင်နာယာဉ်များအတွက် ကျပ် ၁၀၀၀၊ ခရီးသည်တင်ယာဉ်လတ် Mini Bus၊ BM၊ ခရီးသည်တင်ယာဉ်ကြီး ဟီးနိုး၊ ဟွန်ဒိုင်းယာဉ်များအတွက် ကျပ် ၂၀၀၀၊ ကုန်တင်ကားငယ် ခြောက်ဘီး၊ ရှစ်ဘီး၊ ကုန်တင်ယာဉ်များအတွက် ကျပ် ၄၀၀၀ သတ်မှတ်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မော်တော်ယာဉ်ကြံ့ခိုင်ကောင်းမွန်မှုမရှိပါက ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ရန်ကုန်-ဒလ တံတား ဖွင့်လှစ်ပြီးနောက် ဒလမြို့နယ်ဘက်ခြမ်းသို့ YBS ယာဉ်များ ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ (YRTC) မှ သိရသည်။

"ကျွန်တော်တို့ YBS တွေ ပြေးဆွဲဖို့အတွက် မနေ့က YBS ယာဉ်တွေ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ မောင်းနှင်ပြီး ပြေးဆွဲဖို့ တင်ပြထားပါတယ်။ ခွင့်ပြုချက်ရတာနဲ့ ပြေးဆွဲသွားမှာပါ" ဟု YRTC မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးလျန်ကျင့်မာန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၆ ရက်ကလည်း မြန်မာ-ကိုရီးယားချစ်ကြည်ရေး ( ဒလ) တံတား ဖွင့်လှစ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ၊ ကော်မတီဝင် (၁) ဦးခင်မောင်ထွေး ဦးဆောင်၍ YBPC နှင့် YUPT အများပိုင်ကုမ္ပဏီလိမိတက်တို့မှ တာဝန်ရှိသူများနှင့်အတူ YUPT အများပိုင်ကုမ္ပဏီ စီမံမှုအောက်ရှိ YBS ၅၈ ယာဉ်လိုင်းမှ City Bus (Forton ) ယာဉ် နှစ်စီး၊ တစ်စီးလျှင် ဝန်ထမ်း ၄၀ ဦးခန့်နှင့် YBPC အများပိုင်ကုမ္ပဏီ စီမံမှုအောက်ရှိ YBS ၇၂ ယာဉ်လိုင်းမှ City Bus (Ankai ) ယာဉ် တစ်စီးနှင့် YBS ၁၀၈ ယာဉ်လိုင်းမှ City Bus (Youtong) ယာဉ် တစ်စီး စုစုပေါင်း ယာဉ် နှစ်စီးအား တစ်စီးလျှင် ဝန်ထမ်း  ၃၀ ဦးခန့်ဖြင့် တင်ဆောင်စမ်းသပ်ပြေးဆွဲခဲ့ကြောင်း YRTC က ဖော်ပြထားသည်။

သံမဏိကြိုးဆိုင်းတံတားများတွင် အရှည်ဆုံးနှင့် အကြီးဆုံးဖြစ်လာသည့် ဒလတံတားကို ဖေဖော်ဝါရီ ၆ ရက်က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတံတား၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ခုနစ်နှစ်အကြာတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရီးယား- မြန်မာ ချစ်ကြည်ရေးအရ ယင်းတံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ကိုရီးယားနိုင်ငံ စီးပွားဖွံဖြိုးမှု ရန်ပုံငွေချေးငွေနှင့် အစိုးရထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းတံတားမှာ မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများအနက် အကြီးဆုံးနှင့် အရှည်ဆုံးတံတားဖြစ်လာပြီး အဆိုပါတံတားအောက်မှ တန်ချိန် ၁၅၀၀၀ ရှိ ပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်း သွားလာရေးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်သည်ဟု သိရသည်။

အဆိုပါသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရန် တံတားကင်းလွတ်အမြင့်ပေနှင့် အကျယ်ပေများကို အမြင့်ဆုံးထားကာ ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတားများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တွက်ချက်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဒလတံတား၏ တချို့နေရာများမှာ လမ်းအနိမ့်အမြင့် Gradient မတ်စောက်သဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်အမျိုးအစားအချို့အား တံတားပေါ်ဖြတ်သန်းခွင့် ကန့်သတ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

အဆိုပါတံတားမှတစ်ဆင့် ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent