ဗင်နီဇွဲလားက ကျူးဘားသို့ ရေနံတင်ပို့ခြင်းမပြုရန် အမေရိကန် ညွှန်ကြားထားသဖြင့် ကျူးဘား၌ လောင်စာပြဿနာကြုံကာ လေယာဉ်များ ဆီဖြည့်မရသည့်အခြေအနေဖြစ်လာ

ဗင်နီဇွဲလားက ကျူးဘားသို့ ရေနံတင်ပို့ခြင်းမပြုရန် အမေရိကန် ညွှန်ကြားထားသဖြင့် ကျူးဘား၌ လောင်စာပြဿနာကြုံကာ လေယာဉ်များ ဆီဖြည့်မရသည့်အခြေအနေဖြစ်လာ
ဟားဗနားမြို့ရှိ ကျူးဘား အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ရိုက်ကူးထားသောပုံ၌ တွေ့ရစဉ်(Photo: AFP)
ဟားဗနားမြို့ရှိ ကျူးဘား အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ရိုက်ကူးထားသောပုံ၌ တွေ့ရစဉ်(Photo: AFP)
Published 9 February 2026

ဗင်နီဇွဲလားကို အမေရိကန်တိုက်ခိုက် ခြင်းကြောင့်ဖြစ်ပေါ်သည့် စွမ်းအင်အကျပ် အတည်းကြောင့် လေယာဉ်ဆီများကို တစ်လကြာ ရပ်ဆိုင်းထားမည်ဟု ကျူးဘားအစိုးရက လေကြောင်းလိုင်းများအား သတိပေးထားကြောင်း ဥရောပလေကြောင်းလိုင်းတစ်ခုရှိ တာဝန်ရှိသူက ဖေဖော်ဝါရီ ၈ ရက်တွင် ပြော ကြားခဲ့သည်။

ကျူးဘားတွင် လေယာဉ်များပျံသန်းနေသောလေကြောင်းလိုင်းများသည် ဖေဖော်ဝါ ရီ ၉ ရက် သန်းခေါင်ယံမှသည် ဖေဖော်ဝါရီ ၁၀ ရက်အထိ ကျူးဘားတွင် လေယာဉ်လောင်စာ ပြန်ဖြည့်နိုင်တော့မည်မဟုတ်ဟု လေကြောင်းလိုင်းများကို ပြောကြားထားသည်ဟု အမည်မဖော်လိုသူ တာဝန်ရှိသူက AFP ကို ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များက နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် ဗင်နီဇွဲလားမှ ကျူးဘားသို့ ရေနံများပို့ပေးခြင်းကိုရပ်ရန် အမေရိကန်က ညွှန်ကြားခဲ့သည်။ အမေရိကန်၏ညွှန်ကြားချက်ကြောင့် ကျူးဘားသည် ယခုအခါ လောင်စာအခက်အခဲ ကြုံနေရပြီဖြစ်သည်။

ကျူးဘားမှ ခရီးရှည်ပျံသန်းလာသော လေယာဉ်များသည် ကျူးဘားမှထွက်ခွာပြီးနောက် လောင်စာဖြည့်ရန် ယခုအခါ အခြားတစ်နေရာရာတွင် ရပ်ရတော့မည်ဟု အဆိုပါတာဝန်ရှိသူက ကျူးဘားလေကြောင်းအာဏာ ပိုင်များ၏ပြောဆိုမှုများကို ကိုးကားပြောကြားခဲ့သည်။

ပြင်သစ်လေကြောင်းလိုင်းကမူ ၎င်း၏ လေယာဉ်များသည် လောင်စာပြန်ဖြည့်ရန် ကာရီဘီယံရှိ အခြားတစ်နေရာရာတွင် ရပ်ရလိမ့်မည်ဟု AFP ကို ပြောကြားခဲ့သည်။

ကျူးဘားအစိုးရသည် စွမ်းအင်အကျပ်အတည်းကို ကိုယ်တွင်ဖြေရှင်းရန် အရေးပေါ်အစီအမံများကို ဖေဖော်ဝါရီ ၆ ရက်တွင်ကြေညာခဲ့ရာ အစိုးရပိုင်ကုမ္ပဏီများအတွက် တစ်ပတ်လေးရက်အလုပ်ဆင်းရန်နှင့် လောင်စာ ရောင်းချမှု ကန့်သတ်ချက်များကို ကြေညာခဲ့သည်။

အရေးပေါ်အစီအမံထဲတွင် ပြည်နယ်ချင်းဘက်စ်ကားပြေးဆွဲမှု၊ ရထားပြေးဆွဲမှုများကို လျှော့ချပစ်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်များ အသွားအလာများသည့် အထင်ကရနေရာများကို ပိတ်ထားခြင်းတို့ ပါဝင်သည်။

ကျောင်းတက်သည့် ရက်များကို လျှော့ချပစ်ခဲ့သည်။ တက္ကသိုလ်များသည်လည်း ကျောင်းသားကိုယ်တိုင်တက်ရောက်သည့် လိုအပ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။

၀ါရှင်တန်သည် မကြာသေးမီ သီတင်းပတ်များတုန်းက ကျူးဘား၏ကွန်မြူနစ်အစိုးရကို ဖိအားပေးမှုများ ပိုလုပ်လာခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ဇန်နဝါရီလထဲတွင် ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုကို ဖြုတ်ချခဲ့သည်။ မာဒူရိုပြုတ်ကျသွားခဲ့ပြီးနောက် အမေရိကန်က ဗင်နီဇွဲလားရေနံများကို ကျုူးဘားသို့တင်ပို့နေခြင်းအား ဖြတ် တောက်ပစ်ခဲ့သည်။

ထို့အပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း ကျူးဘားသို့ ရေနံရောင်းချသော နိုင်ငံများကို ကုန်သွယ်ခွန်တိုးကောက်မည်ဟု ခြိမ်းခြောက်ထားသော သမ္မတအမိန့်ပြန်တမ်းကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည်။

၂၀၂၃ ခုနှစ်ကတည်းက ကျူးဘားသို့ ရေနံပို့နေသောမက္ကဆီကိုသည် အမေရိကန်ကုန်သွယ်ခွန် ခြိမ်းခြောက်မှုများကြောင့် ကျူးဘားထံရေနံတင်ပို့နေခြင်းကို ရပ်ရလိမ့်မည်ဟု ထရန့်ကပြောခဲ့သည်။            Ref: AFP

Most Read

Most Recent