လှည်းကူးမြို့နယ် အမှတ် ၂ လမ်းမကြီးတွင် စက်ရုံဖယ်ရီနှင့် လိုင်းကားတစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိရာ ၃၂ ဦး ဒဏ်ရာရပြီး လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က လှည်းကူးမြို့နယ် အမှတ် ၂ လမ်းမကြီး အင်းတိုင်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သည့် လူမှုအသင်းများထံမှ သိရသည်။
ယင်းဖြစ်စဉ်တွင် စက်ရုံဖယ်ရီပေါ်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း၊ အခင်းဖြစ်နေရာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးနှစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
"ဖြစ်တာက ထာဝရယာဉ်လိုင်းက လိုင်းကားနဲ့ စက်ရုံဖယ်ရီ တိုက်မိတာပါ။ ဒဏ်ရာရတာက ၃၂ ယောက်ပေါ့။ သေဆုံးတာက လေးယောက်ပေါ့။ အမျိုးသမီး သုံးယောက် အမျိုးသား တစ်ယောက်ပေါ့။ ကျွန်တော်တို့က လူနာတွေကို မြောက်ဥက္ကလာဆေးရုံကို လွှဲပေးလိုက်တယ်" ဟု မြို့မမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်သို့ လှည်းကူးကြက်ခြေနီအသင်း၊ လင်းရောင်ခြည်ပရဟိတအသင်း၊ ပေးဆပ်သူ ပရဟိတအသင်း၊ မှော်ဘီကြက်ခြေနီအသင်း၊ အင်းစိန်ကြက်ခြေနီအသင်း အစရှိသည့် အသင်း ၁၆ သင်းမှ လူနာတင်ယာဉ်များဖြင့် လှည်းကူးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အချို့ကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။















