တရုတ်-မြန်မာရေနံစိမ်း ပိုက်လိုင်းမှ ရေနံစိမ်းရယူ၍ ရေနံစိမ်းတန်ချိန် နှစ်သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်း တရုတ်နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။
ဇန်နဝါရီ ၂၁ ရက်က ရေနံချက်စက်ရုံ (သန်လျင်)၌ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများမှ တာဝန်ရှိသူများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ဆေးစဉ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံသစ်တည်ဆောက်နေမှု၊ စက်ပစ္စည်းများ ရောက်ရှိတပ်ဆင်နေမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်အချိန်ကာလ အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးနှင့် စီးပွားရေးတွက်ခြေကိုက်စေရေးအတွက် ဘေးထွက်ပစ္စည်းများကို ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို နည်းပညာအသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရေနံချက်လုပ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာမည့် ကာဗွန်ဒိုင် အောက်ဆိုဒ်များကို ဖမ်းယူ၍ ရေခဲခြောက်များ (Dry Ice) ထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်ခြင်းဖြင့် Dry Ice တင်သွင်းနေရသည့် နိုင်ငံခြားငွေများ သက်သာသွားမည်ဖြစ်ရာ လိုအပ်သည့် စက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းပြီးစီးပါက စီမံကိန်းအပိုင်း(၂)ကို တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားနိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်-မြန်မာရေနံစိမ်း ပိုက်လိုင်းမှ ရေနံစိမ်းရယူ၍ ရေနံစိမ်းတန်ချိန် နှစ်သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ပြည်တွင်း စက်မောင်းဆီ လိုအပ်ချက်ကို ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံသစ်တည်ဆောက်နေမှု၊ စက်ပစ္စည်းများ တပ်ဆင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးဆိုင်ရာများကို မှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(ဓနိတော)ရှိ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက စက်မောင်းဆီများကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှုမရှိသေးသည့်ကာလအတွင်း ပြည်ပမှမှာယူတင်သွင်းရာတွင် အရည်အသွေး၊ အရေအတွက်မှန်ကန်မှု ရှိစေရန်အတွက် Terminal များ၊ ဆီသယ်ယာဉ်များအား စံနှုန်းတိုင်း ရေချိန်စင်များဖြင့် စစ်ဆေးခြင်း၊ သယ်ဆောင်ခွင့်ပြုသည့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို အရှိန် အဟုန်မပြတ် ဆောင်ရွက်ကြရန်၊ ဆီသယ်ယာဉ်များ၏ ဝင်ဆံ့မှုစံနှုန်းအား သတ်မှတ်ပေးရာတွင် နိုင်ငံတကာသတ်မှတ်စံနှုန်းဖြစ်သည့် လီတာစနစ်သို့ ပြောင်းလဲ သတ်မှတ်သွားရန် မှာကြားခဲ့သည်။















