၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ဝယ်ယူခွင့်ရဖို့ ကြိုးပမ်းမှု သန်း ၅၀၀ ကျော်အထိရှိကြောင်း FIFA ထုတ်ပြန်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ဝယ်ယူခွင့်ရဖို့ ကြိုးပမ်းမှု သန်း ၅၀၀ ကျော်အထိရှိကြောင်း FIFA ထုတ်ပြန်
Photo: X
Photo: X
Published 16 January 2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျပန်းစနစ်နဲ့ လက်မှတ်ရောင်းချမှု ၃၃ ရက်အကြာမှာပဲ လက်မှတ်ဝယ်ယူခွင့်ရဖို့ ကြိုးပမ်းမှု သန်း ၅၀၀ ကျော်အထိရှိကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ထုတ်ပြန်ခဲ့ပါတယ်။

FIFA ဟာ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျပန်းစနစ်နဲ့ လက်မှတ်ရောင်းချမှုကို ဒီဇင်ဘာ ၁၁ ရက်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး ၃၃ ရက်အကြာမှာ လက်မှတ်ဝယ်ယူခွင့်ရဖို့ ကြိုးပမ်းမှု သန်း ၅၀၀ ကျော်အထိရှိခဲ့တာကြောင့် ပျမ်းမျှအားဖြင့် တစ်နေ့ကို လက်မှတ်ဝယ်ယူခွင့်ရဖို့ ကြိုးပမ်းမှု ၁၅ သန်းအထိ ရှိနေခဲ့ပါတယ်။

အခုလို လက်မှတ်ဝယ်ယူခွင့်ရဖို့ ကြိုးပမ်းမှုတွေဟာ FIFA အဖွဲ့ဝင် ၂၁၁ နိုင်ငံစလုံးကဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်မှတ်ဝယ်ယူခွင့်ရဖို့ ကြိုးပမ်းမှု အများဆုံးအဖြစ် ပူးတွဲအိမ်ရှင်သုံးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က အများဆုံးနဲ့ ဦးဆောင်နေပြီး ၎င်းတို့ရဲ့ နောက်မှာ ဂျာမနီ၊ အင်္ဂလန်၊ ဘရာဇီးလ်၊ စပိန်၊ ပေါ်တူဂီ၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာနိုင်ငံတို့ ရပ်တည်လျက်ရှိပါတယ်။

ဒါ့အပြင် လက်မှတ်ဝယ်ယူမှု အများဆုံးပွဲစဉ်များအဖြစ် ဇွန် ၂၇ ရက် မိုင်ယာမီမှာ ကျင်းပမယ့် ကိုလံဘီယာ-ပေါ်တူဂီပွဲ၊ ဇွန် ၁၈ ရက် ဂွါဒါလာဟာရာမှာ ကျင်းပမယ့် မက္ကဆီကို-တောင်ကိုရီးယားပွဲ၊ ဇူလိုင် ၁၉ ရက် နယူးဂျာစီမှာ ကျင်းပမယ့် ဗိုလ်လုပွဲ၊ ဇွန် ၁၁ ရက် ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုစီးတီးမှာ ကျင်းပမယ့် မက္ကဆီကို-တောင်အာဖရိကပွဲ၊ ဇူလိုင် ၂ ရက် တိုရွန်တိုမှာ ကျင်းပမယ့် ၃၂ သင်းအဆင့်ပွဲ (အုပ်စု K ဒုတိယ-အုပ်စု L ဒုတိယ တွေ့ဆုံမယ့်ပွဲ) တို့ ရပ်တည်နေကြောင်း သိရပါတယ်။

''တစ်လကျော်အတွင်းမှာ လက်မှတ်ဝယ်ယူခွင့်ရဖို့ တောင်းဆိုမှုက တစ်ဘီလီယံရဲ့ တစ်ဝက်ကျော်ပမာဏအထိရှိပြီး ဒါက လိုအပ်ချက်ထက် ကျော်လွန်နေပါတယ်။ ဒီလို ထူးခြားတဲ့တုံ့ပြန်မှုအတွက် FIFA ကိုယ်စား နေရာတိုင်းမှာရှိတဲ့ ဘောလုံးပရိသတ်တွေကို  ကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ပြုကြောင်း ကျွန်တော် ပြောချင်ပါတယ်'' လို့ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent