■ PPP ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်တစ်ဦးတို့မှာ ပြည်ပသံရုံးတစ်ရုံးမှ လူအချို့နှင့် လျှို့ဝှက်တွေ့ဆုံခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

■ PPP ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်တစ်ဦးတို့မှာ ပြည်ပသံရုံးတစ်ရုံးမှ လူအချို့နှင့် လျှို့ဝှက်တွေ့ဆုံခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်
Published 14 January 2026

PPP ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်တစ်ဦးတို့မှာ ပြည်ပသံရုံးတစ်ရုံးမှ လူအချို့နှင့် လျှို့ဝှက်တွေ့ဆုံခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၂ နာရီမှ ၃ နာရီအထိ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါ်ထက်ထက်လှိုင်တို့မှာ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ပြည်ပသံရုံးတစ်ရုံးမှ လူအချို့နှင့် Mask တပ်ပြီး တရားမဝင် လှို့ဝှက်တွေ့ဆုံခဲ့သည်ဟု သတင်းပေးတိုင်ကြားမှုရှိခဲ့ကြောင်း၊ အကြောင်းအရာနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ မှန်ကန်ကြောင်း တွေ့ရှိရသည့်အပြင် ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့ကလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ယင်းကြောင့် ၎င်းတို့နှစ်ဦးအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(စ) ပါ ပြဌာန်းချက်များအရ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦး ဦးထံမှ ငွေကြေး၊ ပစ္စည်း အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲ ခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုရေး ကိုလိုက်နာရန် တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် သြဂုတ် ၁၁ ရက်တွင် နိုင်ငံရေးပါတီများသို့ အကြောင်း ကြားခဲ့ပြီးဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန်ဖြစ်ကြောင်းနှင့် သင့်လျော်သည့် အစီအမံဖြင့် စိစစ်ခွင့်ပြုပေးမည်ဖြစ် ကြောင်းကိုလည်း ၂၀၂၂ ခုနှစ် သြဂုတ် ၂၃ ရက်တွင် နိုင်ငံရေးပါတီများသို့ ထပ်မံအကြောင်းကြားခဲ့ သည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် သံရုံးများ/ အဖွဲ့အစည်းများနှင့် လျှို့ဝှက်တွေ့ဆုံလျက်ရှိကြောင်း သိရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန်နှင့် ခွင့်ပြု ချက်မရှိဘဲ တွေ့ဆုံပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် ရက်စွဲဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌသို့ လိပ်မူပြီး သတိပေးအကြောင်းကြားခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent