■ မဲဆန္ဒနယ် ၄၅ နေရာရှိသည့် မွန်ပြည်နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီက ၂၁ နေရာနှင့် ကိုယ်စားလှယ်လောင်းနေရာ အများဆုံးရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၁၇ နေရာနှင့် ကျန်နိုင်ငံရေးပါတီ ငါးပါတီက ခုနစ်နေရာ ရရှိခဲ့

■ မဲဆန္ဒနယ် ၄၅ နေရာရှိသည့် မွန်ပြည်နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီက ၂၁ နေရာနှင့် ကိုယ်စားလှယ်လောင်းနေရာ အများဆုံးရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၁၇ နေရာနှင့် ကျန်နိုင်ငံရေးပါတီ ငါးပါတီက ခုနစ်နေရာ ရရှိခဲ့
Published 13 January 2026

မဲဆန္ဒနယ် ၄၅ နေရာရှိသည့် မွန်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၁ နေရာနှင့် ကိုယ်စားလှယ်လောင်းနေရာ အများဆုံးရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၁၇ နေရာနှင့် ကျန်နိုင်ငံရေးပါတီ ငါးပါတီက ခုနစ်နေရာ ရရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အား ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများရရှိခဲ့သည့် ဆန္ဒမဲများအားလုံး ရေတွက်ခဲ့ပြီးသည့်နောက် မြို့နယ်ပေါင်း ၁၀ မြို့နယ်သာရှိသည့် မွန်ပြည်နယ်အတွင်း ယခုကဲ့သို့ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်းများနှင့် PR စနစ်အရ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းနေရာရရှိခဲ့သည့် အရေအတွက်အား ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) တွင် ခြောက်နေရာနှင့် အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် ခြောက်နေရာ၊ ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) တွင် ၁၀ နေရာနှင့် ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် ၁၀ နေရာနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် သုံးနေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၅ နေရာအတွက် ကိုယ်စားလှယ်လောင်းများအား ရွေးကောက်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

ထိုမဲဆန္ဒနယ် ၄၅ နေရာအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ငါးနေရာ၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) တွင် သုံးနေရာနှင့် အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)  တွင် ခြောက်နေရာနှင့် ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် သုံးနေရာ၊ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်နေရာနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာလွှတ်တော်ကိုယ်စားလှယ်နေရာ နှစ်နေရာ စုစုပေါင်း ကိုယ်စားလှယ်လောင်းနေရာ ၂၁ နေရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ လွှတ်တော်ကိုယ်စားလှယ်နေရာ ဒုတိယအများဆုံးရရှိခဲ့သည့် မွန်ညီညွတ်ရေးပါတီ (MUP) ကလည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ငါးနေရာ၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) တွင် သုံးနေရာနှင့် အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)  တွင် လေးနေရာ နှင့် ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် သုံးနေရာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၇ နေရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် တစ်နေရာ နှင့် ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် တစ်နေရာ စုစုပါင်း ကိုယ်စားလှယ်လောင်းနေရာ နှစ်နေရာ ရရှိခဲ့သည်။

“အချိုးကျကိုယ်စားပြုစနစ်အတွက် ကိုယ်စားလှယ်လောင်းတန်းစီဇယားနဲ့ပတ်သက်လို့ ပါတီ (ဗဟို) ကပဲ စီစဉ်ဆောင်ရွက်ထားပါတယ်။ ဘယ်သူတွေပါဝင်လာမလဲဆိုတာကတော့ ပါတီ (ဗဟို) က သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံကို ချိပ်ပိတ်စာ ပေးပို့ထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ကြေညာတော့မှပဲ ဘယ်ကိုယ်စားလှယ်လောင်းက လွှတ်တော်သွားခွင့်ရမလဲဆိုတာကို သိရမှာပါ” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် မွန်ပြည်နယ်အတွင်း အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီက အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် တစ်နေရာ နှင့် ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် တစ်နေရာ စုစုပါင်း ကိုယ်စားလှယ်လောင်းနေရာ နှစ်နေရာ ရရှိခဲ့ပြီး ပြည်သူ့ပါတီက ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် တစ်နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီကလည်း ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) တွင် တစ်နေရာနှင့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာလွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာ ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်များတွင် ကျင်းပပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူ ၅၉၄၅၅၀ ဦးရှိသည့်အနက် ၂၃၄၈၇၂ ဦး ဆန္ဒမဲပေးခဲ့ကြကြောင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ကျင်းပပြလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အား မွန်ပြည်နယ် ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် ကျင်းပပြလုပ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူ ၅၉၃၀၉၁ ဦးရှိသည့်အနက် ၂၃၃၄၃၉ ဦး ဆန္ဒမဲပေးခဲ့ကြကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

Most Read

Most Recent