ဖိလစ်ပိုင်တွင် အမှိုက်ပုံပြိုကျမှုကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာ

ဖိလစ်ပိုင်တွင် အမှိုက်ပုံပြိုကျမှုကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာ
Published 11 January 2026

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ အမှိုက်ပုံကြီး ပြိုကျမှုကြောင့် အလုပ်သမားအများအပြား မြေပြိုမှုအတွင်း ပိတ်မိခဲ့ပြီးနောက် သေဆုံးသူခြောက်ဦးအထိ ရှိလာခဲ့သည်ဟု သိရသည်။

စီဘူစီးတီးမြို့ရှိ ပုဂ္ဂလိကပိုင် ဘီနာလစ် အမှိုက်ပုံတွင် ဇန်နဝါရီ ၈ ရက်က လူနေတိုက်ခန်းအထပ် ၂၀ ခန့်အထိအမြင့်ရှိသည့် အမှိုက်တောင်ကြီး ပြိုကျခဲ့သဖြင့် သန့်ရှင်းရေးလုပ်သား ၅၀ ခန့် ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကောင်စီဝင်တစ်ဦးက ခန့်မှန်းပြောကြားသည်။

ဇန်နဝါရီ ၁၀ ရက်တွင် ကယ်ဆယ်ရေးသမားများက အပျက်အစီးများကြားမှ အသက်ရှင်ကျန်ရစ်သူများကို မြေတူးစက်များဖြင့် တူးဖော်ရှာဖွေနေကြသည်။

ကယ်ဆယ်ရေးသမားများသည် ဆက်လက်ရွေ့လျားနေသည့် အပျက်အစီးများကြားတွင် လုပ်ဆောင်နေရသဖြင့် ထပ်မံပြိုကျနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကယ်ဆယ်ရေးသမား ဂျိုရေးစ်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

"ကယ်ဆယ်ရေးလုပ်ငန်းတွေကို အခုအချိန်အထိ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အမှိုက်ပုံက ခဏခဏ ရွေ့လျားနေတဲ့အတွက် ကယ်ဆယ်ရေးကို ခဏတာ ရပ်နားလိုက်၊ ပြန်လုပ်လိုက် လုပ်နေရပါတယ်" ဟု ၎င်းက ပြောပြခဲ့သည်။

စီဘူမြို့ ဘေးအန္တရာယ်ဆိုင်ရာကောင်စီ ဥက္ကဋ္ဌ မြို့နယ်ကောင်စီဝင် ဒေ့ဗ် တူမူလက်က ၂၄ နာရီပတ်လုံး အလှည့်ကျ လုပ်ဆောင်နေသည့် ကယ်ဆယ်ရေးအဖွဲ့များသည် ဇန်နဝါရီ ၁၀ ရက်တွင် နောက်ထပ် ရုပ်အလောင်းနှစ်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ထို့ကြောင့်သေဆုံးသူအရေအတွက်မှာ ၆ ဦး အထိ ရှိလာခဲ့ပြီဖြစ်ပြီး ၃၂ ဦး မှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ဇန်နဝါရီ ၁၀ ရက်တွင် နောက်ထပ် ရုပ်အလောင်း ၂ ခုကို ထပ်မံတွေ့ရှိခဲ့သော်လည်း ၎င်းတို့အပေါ်သို့ ကြီးမားသော သံမဏိယက်မကြီးများ ပြုတ်ကျနေသဖြင့် ရုပ်အလောင်းများကို ထုတ်ယူနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ကယ်ဆယ်ရေးသမားများအနေဖြင့် အဆိုပါ သံမဏိတုံးများကို ဖြတ်တောက်ရန် ကြိုးပမ်းနေကြရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ရန်အတွက် ဟိုက်ဒရောလစ် ကရိန်းများနှင့် အထူးဖြတ်တောက်ရေး ကိရိယာများ တပ်ဆင်ထားသည့် ကုန်ကား ၂၀ စီးကို စေလွှတ်ထားသည်။

ထိုပစ္စည်းများ၏ အကူအညီဖြင့် ကြီးမားသော သံမဏိယက်မများကို မ တင်နိုင်မည်ဖြစ်ပြီးအပျက်အစီးများကြားတွင် တွားသွားကာ ရှာဖွေနေရသည့် ကယ်ဆယ်ရေးသမားများအတွက် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့ တစ်စုံတစ်ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အချိန်နဲ့အမျှ လုပြီး လုပ်ဆောင်နေရတာမို့ ၂၄ နာရီပတ်လုံး လူအင်အား အပြည့်အဝ ချထားပါတယ်” စီဘူမြို့နယ်ကောင်စီဝင် ဒေ့ဗ် တူမူလက်က ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ အမှိုက်ပုံအတွင်းမှ အလုပ်သမား ၁၂ ဦး ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။

Ref:AFP

Photo:AFP

Most Read

Most Recent