ရေးမြို့နယ် ကျောင်းရွာ အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးထားပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း ယင်းကျောင်းအုပ်ဆရာကြီး၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က အဆိုပါ ရေးမြို့နယ် ကျောင်းရွာ အခြေခံပညာအထက်တန်းကျောင်းမှ အသက် ၅၈ နှစ်အရွယ် ကျောင်းအုပ်ဆရာကြီး ဦးသူရထွန်းမှာ ကျောင်းရွာကျေးရွာမှ မုဒုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ရေးမြို့နယ် လိမ္မော်ခြံကျေးရွာနှင့် အောင်သပြေကျေးရွာကြားအရောက်တွင် လက်နက်ကိုယ်စီကိုင်ဆောင်ထားသော အင်အား ၂၀ ခန့်ရှိ PDF အဖွဲ့တစ်ဖွဲ့က ဆိုင်ကယ်အား ရပ်တန့်ခိုင်းကာ ဦးသူရထွန်းအား ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဦးသူရထွန်းမှာ ဇန်နဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရေးမြို့နယ် ကျောင်းရွာကျေးရွာမှ မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ ပြန်လာစဉ် ညပိုင်းအချိန်အထိ နေအိမ်သို့ ရောက်မလာသည့်အတွက်ကြောင့် သက်ဆိုင်ရာသို့ အသိပေးထားကြောင်းနှင့် ယနေ့ (ဇန်နဝါရီ ၇ ရက်) နံနက်ပိုင်းအထိ အဆက်အသွယ်မရသေးကြောင်း ဦးသူရထွန်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “အွန်လိုင်းပေါ်မှာတော့ ဦးသူရထွန်းကို တော်လှန်ရေးအမည်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးထားတယ်ဆိုတဲ့ ပို့စ်တွေ တွေ့ရတော့မှ ဆရာကြီး အဖမ်းခံထားရတာကို သိကြရတာ။ ဒါပေမဲ့ ဘယ်အဖွဲ့က ဖမ်းထားလဲတော့ မသိရသေးဘူး။ ဒီနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းအထိကို မိသားစုဝင်တွေထံကို အဆက်အသွယ်မရသေးဘူး။ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမျိုးရှိနေတယ်” ဟု ပြောကြားသည်။
မွန်ပြည်နယ် သံဖြူဇရပ် - ရေးကားလမ်းပိုင်းတွင် တော်လှန်ရေးအမည်ခံ လက်နက်ကိုင်အဖွဲ့အစည်းများက ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများအား ပစ်မှတ်ထားကာ ခြိမ်းခြောက်ဖမ်းဆီးမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းအချိန်က ရေးမြို့နယ်မှ ကျောင်းဆရာမ လေးဦးအား သံဖြူဇရပ် - ရေးလမ်းပိုင်း သံဖြူဇရပ်မြို့နယ် ဝဲခမိကျးရွာအနီးတွင် တော်လှန်ရေးအမည်ခံ မွန်ပြည်တော်လှန်ရေးတပ်က ဖမ်းဆီးခဲ့ပြီးနောက် ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ပတ်သက်ခြင်းမပြုရန် ခံဝန်ထိုးစေပြီး ဩဂုတ် ၁၆ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာပေါ် ထုတ်ပြန်ချက်များအရ သိရသည်။















