ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မိုင်ဒါအားကစားအတွင်းကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲတော်အား ဈေးဆိုင်ခန်းပေါင်း ၂၈၀ ကျော်ဖြင့် ၊အားကစားပြိုင်ပွဲများ၊ ဇာတ်ကပွဲ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် ဈေးရောင်းပွဲတော်ကြီးများ ထည့်သွင်း၍ ၇ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
လွတ်လပ်ရေးပွဲတော်ကျင်းပရန် ကွင်းလေလံကြေး သိန်းပေါင်း ၂၁၆၀ ပေးသွင်းရပြီး၊ ဈေးဆိုင်ခန်းတစ်ခန်းအတွက် သုံးသိန်းကျပ်နှုန်းဖြင့် ပြန်လည် ငှားရမ်း၍ ပျော်ပွဲရွှင်ပွဲနှင့် ကလေးကစားကွင်းများထည့်သွင်းကာ ယမန်နှစ်များထက် ပိုမိုစည်ကားအောင် ကျင်းပပေးသွားမည်ဖြစ်ကြောင်း တောင်ငူလွတ်လပ်ရေးပွဲတော်ကျင်းပရေး လေလံရရှိထားသူကပြောကြားသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး(ဆိုင်ခန်းတွေက ၂၈၀ လောက်ပဲရှိမှာပေါ့ တစ်ခန်းကို သုံးသိန်းပေါ့၊ဖျော်ဖြေရေးတွေပါတယ်လေ အရင်ယာယီဈေးဟောင်းကွင်းထဲမှာက မန္တလေးက နိုင်ကျော် ဇာတ်ပွဲက အခမဲ့၊ ဒီဘက် တောင်ဘက် လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာက ဆယ်လီဖြူဖြူထွေးတို့ ဟိန်းသူအောင်တို့ ဟဲဗီးဖြိုးတို့က တစ်ဖွဲ့ ၊ ဖျော်ဖြေရေးက နှစ်ဖွဲ့ပေါ့ ဇာတ်ပွဲနှစ်ပွဲ ၊ကလေးကစားကွင်း ပျော့ပျော့အိအိတို့ ပင်လယ်ဓားပြတို့ပါမှာပေါ့၊ ဒီနှစ် လေလံကြေးက သိန်း ၂၁၆၀ ပါ ဒီနှစ်ကတော့ ခါတိုင်းနှစ်တွေနဲ့မတူအောင် စည်အောင်လုပ်မှာပါ၊ ဌာနဆိုင်ရာ့ပခန်းက ၃၈ ခန်းပါမယ်၊ အဓိကကတော့ ဖျော်ဖြေရေးနဲ့ကစားကွင်းနဲ့ ဈေးသည်တွေနဲ့ပါပဲ)ဟု ပွဲတော်လေလံရရှိသူ ဦးစန်းမောင်က ပြောကြားသည်။
တောင်ငူလွတ်လပ်ရေးပွဲတော်သည် မြန်မာနိုင်ငံ၌ ရက်ရှည်ကျင်းပသော အထင်ကရ ပွဲတော်ကြီး တစ်ခုဖြစ်ပြီး ပွဲတော်သို့ မြန်မာနိင်ငံအနှံ့မှ ဆယ့်နှစ်ပွဲဈေးသည်များမှ ဒေသထွက်အစားအစာများနှင့် ကုန်ပစ္စည်းများ လက်မှုပစ္စည်းများ လာရောက် ရောင်းချကြသော ပွဲတော်တစ်ခုဖြစ်သည်။ နယ်ဈေးသည်များတွင် အညာဒေသ သနပ်ခါးတုန်းများ ရောင်းချရာမှာ ပိုမိုတွင်ကျယ်ပြီး တောင်ငူခရိုင်နေ အမျိုးသမီးများအတွက် သနပ်ခါးတုန်းများ ဝယ်စုကြသောအချိန်ကာလ ဖြစ်သည့်အပြင် ဒေသခံများမှလည်း တောင်ငူဒေသထွက် အစားအစာများနှင့် လက်မှုပစ္စည်းများကို ပြန်လည်ရောင်းချ ဖလှယ်ကြသော အထင်ကရပွဲတော်ကြီးတစ်ခုဖြစ်ကြောင်းသိရသည်။
လွတ်လပ်ရေးကွင်းအတွင်း ဆိုင်ခန်းငှားရမ်းခများပေးရသည့်အခြေအနေနှင့်ပတ်သက်ပြီး
(ဆိုင်ခန်းခက ဒီနှစ်က မိန်းလမ်းဘေးပေါ့ နေရာကောင်းတဲ့နေရာတွေက တစ်ခန်းကို လေးသိန်းခွဲပေးရတယ်..အဲ့နောက်နား အတွင်းဘက်ကျတဲ့ ဆိုင်ခန်းတွေကတော့ တစ်ခန်းကို သုံးသိန်းပေါ့ အဲ့လိုပေးရတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ ခုနက နေရာကောင်းတဲ့ မိန်းလမ်းဘေးက ဆိုင်ခန်းက တစ်ခန်း သုံးသိန်းပဲရှိတယ် အတွင်းဘက်ဆိုင်ခန်းတွေက နှစ်သိန်းခွဲပဲပေးရတယ်၊ ဒီနှစ်ကတော့ မနှစ်ကထက် ဆိုင်ခန်းခ ဈေးပိုတက်သွားတာပေါ့..ကျွန်တော်ကတော့ သုံးသိန်းတန်ဆိုင်ခန်း နှစ်ခန်းပဲယူထားတယ်)ဟု နယ်လှည့်ဈေးရောင်းချသူ တစ်ဦးက ပြောကြားသည်။
(၇၈)နစ်မြောက် တောင်ငူလွတ်လပ်ရေးပွဲတော်ကြီး၌ ဖျော်ဖြေရေးအစီအစဉ်များ ကလေးကစားကွင်းများ ဈေးပွဲတော်များနှင့်အတူ ဘောလီဘော်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ရိုးရာခြင်းအလှခတ်၊ စက်ဘီးအပျော်စီးပွဲတော်၊ မိုက်ခရိုမာရသွန်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
■ ပုံစာ။ ယမန်နှစ်များက တောင်ငူလွတ်လပ်ရေးပွဲတော်ကျင်းပသည့် မြင်ကွင်းအားတွေ့ရစဉ်။















