မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်ဟာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူငယ်ကစားသမား ဂျက်ဖလက်ချာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖွယ်ရှိကြောင်း သိရပါတယ်။
အသက်(၁၈)နှစ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမား ဂျက်ဖလက်ချာဟာ မန်ယူနဲ့ စကော့တလန်လက်ရွေးစင်ကစားသမားဟောင်း ဒါရင်းဖလက်ချာရဲ့ သားဖြစ်ပြီး တိုင်လာဖလက်ချာဆိုတဲ့ အမြွှာညီအစ်ကိုလည်း ရှိပါတယ်။
ဒါရင်းဖလက်ချာက လက်ရှိအချိန်မှာ မန်ယူ ယူ-၁၈ အသင်းရဲ့နည်းပြဖြစ်ပြီး တိုင်လာဖလက်ချာကလည်း မန်ယူအသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုထားပြီးဖြစ်ပေမဲ့ ယူ-၂၁ အသင်းမှာသာ ကစားခွင့်ရပါသေးတယ်။
ဂျက်ဖလက်ချာကတော့ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပထမဆုံးကစားခွင့်ရရှိခဲ့ပြီး လက်ရှိမန်ယူအသင်းမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ မိန်နူးတို့ ဒဏ်ရာရရှိနေတာကြောင့် အာမိုရင်မ်က နယူးကာဆယ်နဲ့ပွဲမှာ ဂျက်ဖလက်ချာကို အခွင့်အရေးပေးဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
အာမိုရင်မ်က အဓိကကစားသမားတွေ မပါဝင်လည်း ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သလို၊ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီးတော့လည်း ''ကျွန်တော်တို့မှာ တခြားကစားသမားတွေရှိပြီး ကွဲပြားခြားနားတဲ့ ကစားပုံကို ကြည့်ရှုဖို့လည်း လိုပါတယ်။ ဂျက်ဖလက်ချာက အရမ်းကောင်းတဲ့အလုပ်ကို လုပ်ဆောင်ပြခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့မှာ ဒီအခွင့်အရေးရှိနေပြီး ဂျက်တို့လို ကစားသမားတွေကို နေရာပေးဖို့ လိုပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။















