မကြာခင် ဒက်ကလန်ရိုက်စ် အင်္ဂလန်လက်ရေးစင်အသင်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့ ရွန်နီ သုံးသပ်

မကြာခင် ဒက်ကလန်ရိုက်စ် အင်္ဂလန်လက်ရေးစင်အသင်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့ ရွန်နီ သုံးသပ်
Photo: X
Photo: X
Published 22 December 2025

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ မကြာခင် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီဟာ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ဖူးပြီး ယူရို-၂၀၁၆ ပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင်ကတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက တာဝန်ယူခွင့်ရရှိနေတာပါ။

ဟာရီကိန်းက အသက်(၃၂)နှစ်ရှိပြီဖြစ်တာကြောင့် ဟာရီကိန်း အနားယူသွားရင် အင်္ဂလန်အသင်းရဲ့ အနာဂတ်အသင်းခေါင်းဆောင် ဖြစ်လာနိုင်သူအဖြစ် ဒက်ကလန်ရိုက်စ်ကို ရွန်နီက ယူဆထားခြင်းဖြစ်ပါတယ်။

ရွန်နီက ဒက်ကလန်ရိုက်စ်ဟာ မောင်းနှင်အားအပြည့်နဲ့ အသင်းကို ဦးဆောင်ကစားနိုင်သူဖြစ်တာကြောင့် ဟာရီကိန်းဆီက အသင်းခေါင်းဆောင်ရာထူးကို လွှဲပြောင်းရယူဖို့ ထိုက်တန်သူတစ်ဦးဖြစ်ကြောင်း သုံးသပ်ခဲ့သလို၊ အဲဗာတန်နဲ့ပွဲက ဒက်ကလန်ရိုက်စ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ အာဆင်နယ်က အဲဗာတန်ကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်ရော ခံစစ်မှာပါ ဦးဆောင်ခဲ့ပြီး တစ်ကွင်းလုံးကို ဖြန့်ကြက်ကစားခဲ့တာကြောင့် ချီးကျူးမှုများစွာ ရရှိခဲ့ရပါတယ်။

Most Read

Most Recent