မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ပွဲစဉ်တချို့ ဆုံးရှုံးရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ မန်ယူအသင်းက အက်စတွန်ဗီလာကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ဟာ ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာရရှိခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်က ပထမပိုင်းပြီးတဲ့အထိ ဆက်ကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒဏ်ရာကို တံကောက်ကြောဒဏ်ရာဖြစ်ဖွယ်ရှိကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြပြီး အာမိုရင်မ်ကတော့ ကြွက်သားဒဏ်ရာဖြစ်မယ်လို့ ထင်ကြောင်းနဲ့ ပွဲစဉ်တချို့ ဆုံးရှုံးရဖွယ်ရှိကြောင်း၊ ဒဏ်ရာအခြေအနေကို အတိအကျမသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်မီဒီယာတချို့ကတော့ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ အရေးအပါဆုံးကစားသမားဖြစ်တာကြောင့် သူ့ကို ဆုံးရှုံးရချိန်မှာ မန်ယူအသင်းအနေနဲ့ အခက်တွေ့ဖွယ်ရှိကြောင်း သုံးသပ်ခဲ့ကြပါတယ်။
မန်ယူအသင်းဟာ နှစ်သစ်ကူးကာလမှာ ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး လာမယ့်တစ်ပတ် နယူးကာဆယ်နဲ့ပွဲကိုတော့ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ သေချာပေါက်လွဲချော်မယ်လို့ သိရပါတယ်။















