■ ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် လုံခြုံံရေးဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းပေါင်းစပ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် ပြည်ထဲရေးဝန်ကြီး ပြောကြား

■ ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် လုံခြုံံရေးဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းပေါင်းစပ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် ပြည်ထဲရေးဝန်ကြီး ပြောကြား
Published 17 December 2025

■ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်အထိ အရေးယူဆောင်ရွက်မှု ၁၄၀ တွင် ၂၂၉ ဦးရှိ

ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ညှိနှိုင်းပေါင်းစပ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၅/၂၀၂၅) ကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အစည်းအဝေးသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Video Conferencing ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် အပိုင်းလိုက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် လုံခြုံရေးစီမံချက်၊ ဆက်စပ်ဆောင်ရွက်ရမည့် အခြားလုံခြုံရေးစီမံချက် ရှစ်မျိုးနှင့် အခြားအခြေအနေများအတွက် ရေးဆွဲထားသည့် သီးခြားစီမံချက် ၁၁ မျိုးတို့ကို ရေးဆွဲထားပြီးဖြစ်၍ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ရွေးကောက်ပွဲကာလတွင် လာရောက်လေ့လာကြမည့် ပြည်တွင်းပြည်ပ လေ့လာရေးအဖွဲ့များ၊ မီဒီယာများနှင့် ပတ်သက်၍လည်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သေချာစွာ စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လက်ရှိရရှိထားသော တိုးတက်မှုများကို အခြေခံကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၁၄၀ တွင် တရားခံအမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၂၂၉ ဦးရှိခဲ့ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်၍ ထိရောက်စွာအရေးယူသွားရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရွေးကောက်ပွဲလုံခြုံရေးအတွက် မိမိနယ်မြေအခြေအနေနှင့် ကိုက်ညီသည့် လျာထားအစီအမံများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ တိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent