လာလီဂါကလပ်နှစ်သင်းဖြစ်တဲ့ ဆိုစီဒက်နဲ့ အိုဗီယေဒိုတို့ဟာ တနင်္ဂနွေနေ့က နည်းပြတွေကို ရာထူးက ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။
ဆိုစီဒက်အသင်းဟာ အခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲစဉ်မှာ ဂျီရိုနာအသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ပွဲဆက်အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နည်းပြ ဆာဂျီယိုဖရန်စစ္စကိုကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။
ဆာဂျီယိုဖရန်စစ္စကိုဟာ ဇူလိုင်လကမှ ဆိုစီဒက်အသင်းရဲ့နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး (၁၈)ပွဲကိုင်တွယ်ရာမှာ (၆)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၈)ပွဲရှုံးခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
လာလီဂါတန်းတက်ကလပ် အိုဗီယေဒိုအသင်းကတော့ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက နည်းပြ ပါအူနိုဗစ်နေရာမှာ အစားထိုးခန့်အပ်ခဲ့တဲ့ နည်းပြ လူးဝစ်ကယ်ရီအွန်ကို ထပ်မံထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။
အိုဗီယေဒိုအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး လာလီဂါမှာ အဆင့်(၁၉)နေရာ ရောက်ရှိနေတာကြောင့် (၉)ပွဲကိုင်တွယ်ရာမှာ (၄)ပွဲသရေ၊ (၅)ပွဲရှုံးထားတဲ့ နည်းပြ လူးဝစ်ကယ်ရီအွန်ကို ရာထူးက ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
အိုဗီယေဒိုအသင်းက ဗယ်လာဒိုလစ်နည်းပြ အယ်လ်မာဒါကို အစားထိုးခန့်အပ်ဖို့ စီစဉ်နေပေမဲ့ ဆိုစီဒက်အသင်းကတော့ ၂၀၂၅ ကို ယာယီနည်းပြနဲ့သာ ဖြတ်သန်းသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။















