ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘွန်ဒီကမ်းခြေတွင် ဒီဇင်ဘာ ၁၄ ရက်က သေနတ်သမားနှစ်ဦး၏ ပစ်ခတ်မှုများကြောင့် လူ ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
ဩစတြေးလျနိုင်ငံပိုင် ABC ရုပ်သံ၏ ထုတ်လွှင့်မှုအရ သေဆုံးသူများအနက် သေနတ်သမားတစ်ဦးလည်းပါဝင်ပြီး လူ ၁၁ ဦးခန့် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။
နောက်ထပ်သေနတ်သမားတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း နယူးဆောက်သ်ဝေးလ် ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လူမှုမီဒီယာတွင် ထွက်ပေါ်သည့် ဗီဒီယိုမှတ်တမ်းတစ်ခုတွင် အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားသူနှစ်ဦးက ဘွန်ဒီကမ်းခြေရှိ တံတားတစ်ခုပေါ်မှ ပစ်ခတ်နေမှုကို မြင်တွေ့ရသည်။
ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ်ကမူ ထိုဖြစ်စဉ်သည် ထိတ်လန့်စရာကောင်းပြီး စိတ်ဆင်းရဲစရာကောင်းကြောင်း ပြောကြားခဲ့သည်။
ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref:AFP















